ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဩဂုတ်လ ၂၄ ရက်ကနေ ၂၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က RFA ကို ပြောပါတယ်။
ရွှေကူမြို့နယ်အတွင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လုံခြုံရေးယူဖို့ စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာကြောင့် ရွှေကူနဲ့ဗန်းမော်ကြားက ဆင်ခန်းတံတားအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဗန်းမော်၊ ကသာဘက်ကို ရိက္ခာနဲ့ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ ပို့ပေးနိုင်ဖို့ တက်လာတဲ့ သင်္ဘောတွေကို လုံခြုံရေးယူတဲ့ တိုက်ပွဲကတော့ အဓိက ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကမ်းဘေး နှစ်ဖက်မှာ လေကြောင်းနဲ့ ပစ်တာ ရှိတယ်။ တိုက်ပွဲ မရှိတဲ့နေ့မှာလည်း လေကြောင်းနဲ့ တိုက်တာတွေ တွေ့ရပါတယ်။ ဒါကြောင့် အဓိက သူတို့ရဲ့ သင်္ဘောအတွက် လမ်းကြောင်းရှင်းတဲ့ တိုက်ပွဲဖြစ်ပါတယ်”
စစ်တပ်ရေယာဉ်တွေ တိုက်ခိုက်မခံရအောင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့စဉ် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့လည်း သူက သတိပေးပါတယ်။
တိုက်ပွဲတွေ တစ်နှစ်ကျော်ကြာ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို စစ်ကူပို့ဖို့အတွက် စစ်တပ်ရေယာဉ် ၁၄ စင်းဟာ ဩဂုတ်လ ၂၁ ရက်ကတည်းက မန္တလေးဘက်ကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာဖြစ်ပါတယ်။
ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီစစ်တပ်ရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိသလို စစ်လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်ရေယာဉ်တွေဟာ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ညနေပိုင်းမှာ ရွှေကူမြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေကို ကုန်းလမ်းကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်နိုင်တဲ့ လမ်းကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်၊ ဖြတ်တောက်ထားတာကြောင့် ဗန်းမော်ဘက်ကို လိုအပ်တဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို စစ်တပ်က ရေကြောင်းကနေ ပို့ဆောင်နေရတယ်လို့ KIA က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
