မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၅ ရွာက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ နဲ့ ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ဩဂုတ်လ ၂၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့မှာ မင်းတုန်းမြို့နယ်ဘက်ကနေ အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စစ်ကြောင်းက အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ပြောပါတယ်။
လက်တလောမှာ နှစ်ဖက်တိုက်ပွဲတွေ နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချို က RFA ကို ပြောပါတယ်။
“စစ်တပ်နဲ့ ခုနှစ်ရက် နီးပါးလုံး ဆိုင်ထားတာဆိုတော့ ပစ်လို့ရတဲ့အချိန်တိုင်း ရရင် ရတဲ့အချိန်တိုင်း နေ့ရောညပါ ပစ်နေကြတာပေါ့။ အဲမှာ ကျတာတွေ ရှိပါတယ်။ တိုက်ပွဲအကြိမ်ရေကို တိတိကျကျ ပြောဖို့ ခက်ပါတယ်။ ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် အများကြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။”
မင်းတုန်းမြို့နယ်ထဲက ပြောင်းရွာ၊ သဖန်ရောင်ရွာ၊ ထန်းပင်ကုန်းရွာ၊ သီးပင်ကုန်းရွာ၊ ဖြူကန်ရွာ၊ တောင်လက်ရွာ၊ ကင်မွန်းဒေါင့်ရွာ၊ တမာရွာ၊ ထန်းလေးပင်ရွာ၊ ရွာသစ်ရွက်ရွာ၊ ကြို့ဝရွာ၊ ဝက်ကော်ရွာ၊ ကံမနိုင်ရွာ၊ မြောက်ပြင်ရွာ နဲ့ တစို့တုံရွာတွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်တပ်ခန့်အစိုးရကလည်း တစ်စုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တပ်မ ၅၅ ကနေလာတဲ့ အင်အား သုံးထောင်ခန့်ဟာ ကားအစီးရေ ၁၃၀ ခန့်နဲ့ ရခိုင်ပြည်နယ်ထဲကို စစ်ကြောင်းထိုးဖို့ ရခိုင်ရိုးမအစပ်မှာရှိတဲ့ မင်းတုန်းမြို့ကို ဝင်ရောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
