ရှမ်းပြည်နယ်တောင်ပိုင်းမှာ သုံးလနီးပါး တိုက်ပွဲအတွင်း အရပ်သား ၆၀ ခန့် သေဆုံး
2024.04.13

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်လေးခုမှာ သုံးလဝန်းကျင်အတွင်း အရပ်သားခြောက်ဆယ်နီးပါး သေဆုံးခဲ့တယ်လို့ ပအိုဝ်း လူငယ်အစည်း (PYO) က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရတဲ့အရပ်သား ခုနစ်ဆယ်ကျော်ရှိတယ်လို့လည်း (PYO) ရဲ့ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေမြို့တွေမှာ သုံးလဝန်းကျင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ငါးရာနီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ အကြိမ်သုံးထောင်နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၁၀ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ ပင်စုံရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်နှစ်ဆယ်ကျော်ပစ်ခဲ့တာကြောင့် လေးနှစ်အရွယ် မောင်ခွန်ငြိမ်းချမ်း နေရာမှာတင် သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ဧပြီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲက နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပအိုဝ်း လူငယ်အစည်း (PYO) ရဲ့စာရင်းတွေအရ ပအိုဝ်းဒေသမှာ သုံးလဝန်းကျင်အတွင်း တိုက်ပွဲကြောင့် ဒေသခံ သုံးသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။