စစ်ကိုင်း၊ မကွေးနဲ့ ကယား (ကရင်နီ) ပြည်နယ်က မြို့နယ်ငါးခုကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး သုံးဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်နေသူတွေက RFA ကို ပြောပါတယ်။
လွိုင်ကော်၊ ဟုမ္မလင်း၊ ဆားလင်းကြီး၊ မြင်းမူနဲ့ မင်းတုန်းမြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ်က ဝမ်ငေါ့စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ စာသင်ကျောင်း ဗုံးကြဲခံခဲ့ရတာကြောင့် အသက် ၁၀ နှစ်ကနေ ၁၂ နှစ်အရွယ်ကြား ကျောင်းသား တစ်ဦးနဲ့ ကျောင်းသူ နှစ်ဦး သေဆုံးပြီး ကလေး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်က ဝေဖန်ပါတယ်။
“ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးငါးလုံးလောက် ကြဲချတယ်။ နောက်ပြီး Y-12 လေယာဉ်တစ်စီးနဲ့ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးတော့ ဗုံးကြဲခဲ့တာ။ စာသင်ကျောင်းနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်”
အသက် ၉ နှစ်ကနေ ၁၆ နှစ်အရွယ်ကြား ကလေးငါးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒူးထောက်ရွာမှာလည်း စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲခံရတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ် သဲဇလောက်ရွာက ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုမှာတော့ စစ်ဘေးဒုက္ခသည် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဟုမ္မလင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းမှာပဲ စစ်တပ်က ဗုံးလာကြဲတာ။ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်”
အဲဒီနေ့မှာပဲ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆,၄၆၇ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၅၆၂ ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၈၄၈ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
