တောင်ကြီးက စစ်ဘေးဒုက္ခသည်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံ

ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရှင်းပြခဲ့တာကြောင့် ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်ရှိလာတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဇာ လာဇရို (Maria Theresa Lazaro) ဟာ အောက်တိုဘာလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က ခရစ်ယာန်ဘုရားကျောင်းနဲ့ အေးသာယာအဝင် ညိုမီးရွာမှာရှိတဲ့ ငြိမ်းချမ်းခြင်းသခင်မဘုရားကျောင်းတို့က ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရှင်းပြခဲ့တာကြောင့် ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်ရှိလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရောက်တာနဲ့ ပြည်နယ်အစိုးရနဲ့တွေ့တယ်။ အဲဒီကနေတဆင့် တောင်ကြီးက စစ်ရှောင်စခန်းနှစ်ခုကို သွားခဲ့တယ်လို့ သိရပါတယ်။ ညိုမီးနဲ့ ဘုရားဖြူရပ်ကွက်က camp တွေကို သွားခဲ့တယ်။ ဘုရားဖြူရပ် ကွက်ကတော့ ခရစ်ယာန်ဘုရားကျောင်းမှာရောက်နေတဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေနဲ့ အေးသာယာ အဝင်က ညိုမီးရွာမှာရှိတဲ့ ငြိမ်းချမ်းခြင်း သခင်မဘုရားကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို သွားခဲ့တာ။ အဓိက ကတော့ စခန်းတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တယ်။ ဒုက္ခသည်တွေနဲ့ စကားပြောတယ်။ ကူညီထောက်ပံ့ပေးမဲ့ အစီအစဉ်တွေ ရှင်းပြတယ်။ ဘုရားဖြူစခန်းကို အရင်လာတယ်။ ပြီးမှ ညိုမီးရွာဘက်ကို သွားကြတာ။ ဒုက္ခသည်တွေအတွက်ကတော့ ဝမ်းသာတာပေါ့။ သူတို့အတွက် မျှော်လင့်ချက်လမ်းစလေး ရတာကိုး”

ဒီစစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေကြပြီး အများစုဟာ ၂၀၂၂ ခုနှစ်အတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က စစ်ဘေးဒုက္ခသည်တွေနဲ့ လာရောက်တွေ့ဆုံတာကို ကြိုဆိုကြပေမဲ့ လူသားချင်းစာနာမှုအကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်၊ မရောက်ကိုတော့ ဆက်လက်စောင့်ကြည့်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးက စစ်ဘေးဒုက္ခသည်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံ
တောင်ကြီးက စစ်ဘေးဒုက္ခသည်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရီဇာ လာဇရိုနှင့် အဖွဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ်။ (Citizen Photo)

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီခရီးစဉ်ကို အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်တာဖြစ်ပြီး အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre)၊ မြန်မာနိုင်ငံအခြေစိုက် အာဆီယံသံတမန်အဖွဲ့တွေနဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

ခရီးစဉ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက အကူအညီလိုအပ်နေသူတွေအတွက် တစ်လကြာ လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဉ်ကို စတင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AHA Centre ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီး အိမ်ထောင်စု ၁၁,၀၀၀ ကျော်ကို ဆန်၊ မိသားစုသုံးပစ္စည်းတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် အရင်က AHA Centre ရဲ့ အကူအညီတွေ မရောက်ရှိခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေကိုလည်း အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ် မတ်လက ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ဆောက်လုပ်ထားတဲ့ ယာယီကျောင်းဆောင်တွေအတွက် ကျောင်းသုံးပစ္စည်းတွေ ပေးအပ်တာနဲ့ ဘာသာရေးအဆောက်အအုံတစ်ခုကို သင်္ကေတအဖြစ် လွှဲပြောင်းပေးအပ်တာတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမဲ့အစီအစဉ် ရှိမရှိနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် မရှိသေးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီးရီးယယ် (Dax Imperial) က ပြောခဲ့တယ်လို့ ဖိလစ်ပိုင်သတင်းဌာန (PNA) က အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ထရီဇာ လာဇရိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အရင်ကတည်းက တောင်းဆိုထားသူဖြစ်ပေမဲ့ အခုခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရ မရကို မသိရသေးပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရိုဟာ ဒီခရီးစဉ်အတွင်း နေပြည်တော်မှာ စစ်တပ်ခန့်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သံတမန်ရင်းမြစ်တွေကို ကိုးကားပြီး Thai PBS သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ စစ်တပ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့အစီအစဉ် ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ပထမအကြိမ် သွားရောက်ခဲ့ပါတယ်။