မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့အဝင် မြို့သူကြီးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၅) ကို ဧပြီလ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကြိမ်ချောင်းနဲ့ မောင်တော-ဘူးသီးတောင်မြို့ချင်းဆက် ကားလမ်းက မေယုတောင်ထဲကို အဲဒီရဲတပ်ရင်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အခုလို တုံ့ပြန်တိုက်ခိုက်လာတာလို့ တိုက်ပွဲအခြေအနေတွေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီ နခခ (၅) ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေလို့ နည်းနည်းအဟန့်အတားဖြစ်အောင်လို့ AA က ဒရုန်းနဲ့လာပြီး ဗုံးကြဲခဲ့တာလို့သိရတယ်။ လေးလုံး လာချခဲ့တာ။ နခခ (၅) ကနေ မနေ့က မနက်ပိုင်းကနေစပြီး ပစ်နေတာ တစ်ရက်လုံး နားလိုက်ပစ်လိုက်၊ နားလိုက်ပစ်လိုက်လုပ်နေတာ”
မောင်တောနဲ့ ဘူးသီးတောင်မြို့ချင်းဆက် ကားလမ်းဟာ မောင်တောခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း တပ်စခန်းတွေအတွက် ရိက္ခာနဲ့ စစ်အင်အား၊ လက်နက်အင်အားသယ်ယူရာ အဓိကလမ်းကြောင်းတစ်ခုလို့ သူက ဆိုပါတယ်။
အခုတိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
မောင်တောမြောက်ပိုင်းက ကြိမ်ချောင်းတိုက်ပွဲဟာ အရှိန်မြင့်ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲ အချိန်လေးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။