ဟုမ္မလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာရွာက ဘုန်းတော်ကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးပြီး နောက်ထပ် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၃၀ အရွယ်တွေဖြစ်တဲ့ ဦးချစ်ဆန်းဦး၊ ဦးဆွေသက်နိုင်၊ ဒေါ်ဝင်းမာဦးနဲ့ ဒေါ်နန်းမွန်တို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၅ လကနေ ၁၀ နှစ်ကျော်အရွယ်တွေရှိတဲ့ မသက်ထူးမွန်၊ မလှယမင်း၊ မောင်လှဘုန်းမြင့်၊ မောင်စိုးသူအောင်၊ မောင်လင်းလက်၊ မဆောင်းနှင်းဝေ၊ မောင်ဝေဖြိုးသူနဲ့ အသက် ၆၀ ကျော်အရွယ် ဦးသာချိုတို့ ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ခေတ္တခိုလှုံနေတဲ့ မနော်သာရွာ ဘုန်းတော်ကြီးကျောင်းကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးဆယ်လုံးထက်မနည်း ကြဲချလို့ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက ဖြစ်နေတာ လေးရက်ကျော် ရှိနေပြီ။ လေကြောင်းက ဗုံးနေ့တိုင်းကြဲပေမယ့် ဧပြီလ ၁ ရက်နေ့က ဆိုးဆိုးရွားရွားကို ဖြစ်သွားတာပေါ့။ သေဆုံးတဲ့ ငါးဦးကတော့ နေရာမှာတင် ပွဲချင်းပြီးပဲပေါ့။ ဒေသခံတွေရှိတဲ့ နေရာတည့်တည့်ကို ဗုံးကြဲချလို့ အခုလို အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ကုန်တာ"

ဒဏ်ရာရထားသူတွေကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးနေပေမယ့် ဆေးဝါးမလုံလောက်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သူကဆိုပါတယ်။ အဲဒီအထဲက ကလေးငယ်တစ်ဦးကတော့ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်ရမယ့် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၄၈၁၉ ဦး သေဆုံးခဲ့ပါတယ်။