ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မကွေးတိုင်း ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ ရိုးမဖြတ်လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီကားလမ်းတစ်လျှောက် တိုက်ပွဲတွေစတင်ဖြစ်ပွားလာသလို စစ်ကောင်စီတပ်ကလည်း ဒီလမ်းကို အသုံးပြုပြီး စစ်အင်အားတိုးချဲ့တာနဲ့ လမ်းဘေးဝဲယာမှာ မိုင်းထောင်တာတွေပြုလုပ်လာတာကြောင့် ပိတ်လိုက်ရတာလို့ AA က ပြောပါတယ်။
အမ်း-ပဒါန်းကားလမ်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုန့်ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲလေးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲစတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။
အဲဒီနောက် အနောက်ပိုင်းစစ်ဌာချုပ်အခြေစိုက်ရာ အမ်းမြို့နယ်အပါအဝင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။