စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကိုသွားခေါ်တဲ့ PDF ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ
2024.04.08

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ ပြည်သူစစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့လူငယ်တွေကို သွားရောက်ခေါ်ထုတ်တဲ့ ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကို စစ်ကောင်စီတပ်က မတ်လ ၂၈ ရက်နေ့မှာဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံလည်းဖြစ်၊ ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တာဝန်ခံလည်းဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုသူရိန်လင်း (ခ) ကိုဇော်နိုင်ဝင်းကို ကြံခင်းမြို့နယ် စပါးအိုရွာမှာဖမ်းမိခဲ့ပြီး မြန်အောင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်းထဲကို ဖမ်းခေါ်သွားတာလို့ သူရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
“အဖမ်းခံရတာ အထဲကနေ ဒီဘက်ကို ထွက်လာမယ့်လူငယ်တွေကို ခေါ်ထုတ်ပေးရင်းနဲ့ ဖမ်းမိတာပေါ့ဗျာ။ အဖမ်းခံရတာတော့ စစ်ကြောရေးမှာ မိသားစုနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး။ စစ်ကောင်စီက အခုတော့ သူ့ကို စစ်နေတာပေါ့နော်”
မိသားစုနဲ့ အဆက်အသွယ် မရသေးသလို ဖမ်းဆီးစစ်ကြောခံနေရတာ ဆယ်ရက်ကျော်လာပြီဖြစ်တာကြောင့် အသက်အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့လူငယ်တွေရဲ့ နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဧရာဝတီတိုင်းမှာ အာဏာသိမ်းပြီးနောက် မြေအောက်တော်လှန်ရေးလှုပ်ရှားသူ တစ်ရာကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ ဧရာဝတီတိုင်းက ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။