ဘီးလင်းမှာ ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.04.05
ဘီးလင်းမှာ ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ည မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်ခံခဲ့ရသည့် ခရီသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်။
Facebook/ မြို့တော်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဧပြီလ ၄ ရက်နေ့ ညပိုင်းက ခရီသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ခရီးသည်တင်ယာဉ်က ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး ခရီးသည်တွေထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်ကနေ မွန်ပြည်နယ်ဘက်ကို မောင်းနှင်လာတဲ့ ဒီခရီးသည်တင်ယာဉ်ဟာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်က တောင်ကလေးရွာအနီးမှာ တိုက်ခိုက်ခံရတာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖြစ်တာက ငါးယောက်။ ကျွန်တော်တို့ ညတွင်းချင်းပဲ ဆေးရုံကို ပို့လိုက်တယ်။ တစ်ယောက်တော့ ကျွန်တော်တို့ မကယ်လိုက်နိုင်ဘူး။ ဒဏ်ရာကတော့ အစုံပဲ။ ညဘက်ဆိုတော့ သွေးတွေကလည်း ရဲနေ။ သေသွားတဲ့သူကတော့ အရေးကြီးတဲ့အင်္ဂါကို ထိတာဖြစ်မယ်၊ ဦးခေါင်းလိုမျိုးပေါ့”

ဒဏ်ရရသူတွေဟာ သထုံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ဆိုပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ တိုင်းသယံဇတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံရပြီး အခုဧပြီလထဲမှာပဲ အကြင်နာတွဲလက်လူမှုကူညီရေးအသင်း ကားတစ်စီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းနဲ့ လူနာတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။