မွန်နဲ့ တနင်္သာရီက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

RFA Burmese
2024.04.18
မွန်နဲ့ တနင်္သာရီက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ဆေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။
MSRF

မွန်နဲ့ တနင်္သာရီနယ်မြေအစပ်က စစ်ကောင်စီရဲ့ မလွှဲတောင်ဂိတ်စခန်းနဲ့ ရေးမြို့ရဲ့ မြို့စောင့်တပ်စခန်းတွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေကို အသေဖမ်းမိတာရှိတယ်လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက RFA ကို ပြောပါတယ်။

ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ (၂၉၉) တပ်ရင်းကို ဧပြီလ ၁၂ ရက်နေ့မှာ နှစ်နာရီကြာအောင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦး အပါအဝင် ငါးဦးလောက်သေဆုံးခဲ့သလို ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

“လက်နက်ကြီးရော ဒရုန်းတွေနဲ့ပါ အရင်တိုက်ပြီးမှ ချေမှုန်းရေးတပ်က ဝင်စီးပါတယ်။ ခလရ (၂၉၉) က ရေးမြို့ထဲကိုဝင်မယ်ဆိုရင် လုံခြုံရေးပေးထားတဲ့တပ်ဖြစ်တယ်။ နောင်တစ်ချိန်ကျရင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုရင် ဒီတပ်တွေက အရင်ဖြိုရမယ်”

MSRF နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးရော ဒရုန်းတွေနဲ့ပါ ပစ်ခတ်ပြီး စခန်းကိုတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတာအပြင် ကလော့ရွာအခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ကိုးမိုင်ရွာက ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ထိခိုက်ပျက်စီးသွားပါတယ်။

အဲဒီနေ့မှာပဲ မလွှဲတောင်ဂိတ်စခန်းကို MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဂိတ်စခန်းဟာ တနင်္သာရီတိုင်းထဲကိုသယ်ယူတဲ့ ဆီနဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး သိမ်းဆည်းတာတွေရှိတဲ့အပြင် သယ်တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်နဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်တို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီစခန်းနှစ်ခုက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိပြီး အဲဒီလမ်းမကြီးကိုတော့ တော်လှန်ရေးတပ်တွေက မတ် ၁၃ ရက်နေ့ကစပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီလမ်းမကြီးကို မတ်လ ၃၁ ရက်နေ့ကစလို့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပဲ အသုံးပြုဖို့နဲ့ ညအချိန်ထွက်တဲ့ လူနာတင်ယာဉ်တွေအနေနဲ့ မီးဖွင့်ပြီး မှန်ချမောင်းဖို့ကို MSRF က သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။