စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်း နေအိမ် (၈၃,၇၄၆) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း နေအိမ်မီးရှို့ခံရမှုတွေ လျော့နည်းသွားပေမယ့် ဒီဇင်ဘာလောက်ကစပြီး ဒီနေ့အထိ နေအိမ်မီးရှို့ခံရမှုတွေ ပြန်များလာတယ်လို့ Data For Myanmar က ဆိုပါတယ်။
အခုနှစ် မတ်လတစ်လတည်းမှာတင် နေအိမ်သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် (၁၈၅၁) လုံးနဲ့ မန္တလေးတိုင်းမှာ (၆၂၈) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကိုင်းကရွာတွေကို စစ်ကြောင်းထိုးတာ ပိုများလာပြီး နေအိမ်မီးရှို့ခံရမှုနဲ့ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု ပြန်လည်မြင့်တက်လာတယ်လို့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မတ်လအတွင်းမှာ RFA ကို ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာလည်း စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ရွာလေးရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။