စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ကျောင်းတိုက်ရွာနဲ့ ပျဉ်းခုံလေးရွာကို ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောင်းတိုက်ရွာက နေအိမ် (၁၈၁) လုံးနဲ့ ပျဉ်းခုံးလေးရွာက နေအိမ် (၂၁၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စကစ စစ်ကြောင်းထိုးလာလို့ ကျွန်မတို့ ထွက်ပြေးကြတာ။ စကစတွေက ရွာထဲဝင်ပြီး သူတို့ကြိုက်တာတွေ သူတို့ယူသွားကြတယ်။ ပြီးမှနေအိမ်တွေကို မီးရှို့ခဲ့တာ။ သူတို့ရွာထဲမှာမရှိတော့မှ ရွာထဲကို ကျွန်မတို့က သွားရဲကြတာ။ နေအိမ်တွေကတော့ ဘာမှမကျန်တော့ဘူး ပြာပုံသာသာပဲ"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အာဏာသိမ်းပြီးနောက် ကလေးမြို့နယ်မှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ စုစုပေါင်း သုံးထောင်ကျော်ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့မြောက်ပိုင်းကို ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနဲ့ပစ်တာကြောင့် ပျဉ်းတောဦး၊ ပျဉ်းခုံလေး၊ ကျောင်းတိုက်၊ ဆည်တော်ဦး၊ သာယာ၊ ယောက်ချိုကွင်း၊ ဒိုးဝိုင်းချောင်း စတဲ့ ကျေးရွာတွေက ဒေသခံနှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။