ကမ္ဘာမှာ အရေးတကြီး ဖြေရှင်းရမယ့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ကမ္ဘာတဝန်း ကျောက်မီးသွေးသုံးစက်ရုံတွေ လျှော့ချ ပိတ်သိမ်းနေပေမယ့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကတော့ စစ်အာဏာသိမ်းလိုက်လို့ နိုင်ငံမတည်မငြိမ်ဖြစ်လည်း လည်ပတ်မြဲ လည်ပတ်နေပါတယ်။
တီကျစ်မှာ ကျောက်မီးသွေးတူးဖော်ရေးနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှစ်ခုရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် စက်ရုံကလည်ပတ်နေပေမဲ့ ဘဏ်စနစ်က အဆင်မပြေတဲ့အတွက် ငွေရေးကြေး အခက်အခဲရှိတာမို့ လစာလျှော့ပြီး ဝန်ထမ်းအပြောင်းအရွှေ့ ရှိတဲ့အကြောင်းနဲ့ ဧဒင်ကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း နားထားတဲ့အကြောင်း ဒေသခံတယောက်က ပြောပါတယ်။
"ဧဒင်ကျောက်မီးသွေးမိုင်းက ရပ်ထားပေမယ့် စက်ရုံကတော့ လည်နေတုန်းပဲ သူတို့လုပ်ငန်းက ငွေသန်းနဲ့ချီ လည်ပတ်နေရတော့ ဘဏ်က ငွေထုတ်ရတာ မလွယ်ဘူးထင်ပါတယ်။ စစ်အာဏာသိမ်းပြီး တလလောက်မှာပဲ လူတွေ တခြားရွှေ့ပြောင်းတယ်။ စက်ရုံကလူလည်း လစာလျှော့တယ်"
ဒီလိုစီမံကိန်းကြီးတွေဟာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရမယ်လို့ မက်လုံးပေးပြီး ဖော်ဆောင်ပါတယ်။ တီကျစ် ကျောက်မီးသွေးသုံး စက်ရုံမှာလည်း အလုပ်ရကြပေမယ့် အနည်းအကျဉ်းပဲ ရကြတယ်လို့ ပြောပါတယ်။
စစ်အစိုးရလက်ထက်မှာ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ၂၀၀၂ ခုက တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုမှာ စတင်လည်ပတ်ပါတယ်။ စက်တလုံး မဂ္ဂါဝပ် ၅၀နဲ့ စက်နှစ်လုံး လည်ပတ်ခဲ့တာပါ။ စံချိန်စံညွှန်းမမှီတဲ့ စက်လည်ပတ်တာလို့ ပတ်ဝန်းကျင်ဝါဒီတွေက ဝေဖန်ပြီး သဘာဝပတ်ဝန်းကျင်လည်း ပျက်စီး ဒေသခံတွေ ကျန်းမာရေးလည်း ထိခိုက်ရပါတယ်။ တဖက်မှာလည်း စက်အရည်အသွေးရော ကျောက်မီးသွေး အရည်အသွေးအရပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကျဆင်းပြီး စက်ပစ္စည်း အစိတ်အပိုင်းတော်တော်များများ ပျက်စီးတဲ့အတွက် ပြင်ဆင်ဖို့လိုလာပါတယ်။

ဒါကြောင့် ၂၀၁၄ မတ် ၁၉ရက်နေ့မှာ အမှတ်(၁)စက်၊ အောက်တိုဘာ ၅ ရက်မှာ အမှတ်(၂)စက်တွေ ရပ်နားပါတယ်။ ရေနွေးငွေ့ တာဘိုင်စက်ကြီးတွေ အကြီးအကျယ် ပျက်စီးနေချိန်မှာ စက်ရုံကို ပိတ်သိမ်းမယ့်အစား ရှိပြီးသား စက်ရုံကို အလဟဿမဖြစ်ဖို့နဲ့ နိုင်ငံမှာ လိုတဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းဖို့ဆိုပြီး တင်ဒါစနစ်နဲ့ စက်ရုံ ဆက်လက်လည်ပတ်နိုင်အောင် စီစဉ်ပါတယ်။ တင်ဒါခေါ်တဲ့အခါ တရုတ်နိုင်ငံ Wuxi Hua Guang ကုမ္ပဏီက ၂၀၁၅ခု မှာ တင်ဒါအောင်သွားပါတယ်။
နောက်တနှစ် ၂၀၁၆ ဒီဇင်ဘာမှာ စက်ကို စမ်းသပ်မောင်းနှင်ပြီး ၂၀၁၇ ဧပြီ မှာ စက်ရုံကို တနှစ်စမ်းသပ်လည်ပတ်ပါတယ်။ အကြီးစားပြင်ဆင်ပြီး အဲဒီ ၂၀၁၇ မှာပဲ စက်ရုံပြန်လည်ပတ်ပြီးတဲ့နောက် ထူးခြားလာတာမရှိတဲ့ အပြင်စက်တောင် ချွတ်ယွင်းသွားသေးတယ်လို့ တီကျစ်ဒေသခံက ပြောပါတယ်။
နောက်ဒေသခံတယောက်ကလည်း နှစ်လအတွင်း သုံးကြိမ်ဖြစ်တယ်လို့ အဲဒီတုန်းက ပြောပါတယ်။ အကြီးစားမပြင်ဆင်ခင် ကျန်းမာရေးပြဿနာတွေရှိတာမို့ ပြင်ဆင်ပြီးတော့လည်း ညှော်နံ့တွေလည်း ရတုန်း၊ ကျန်းမာရေးပြဿနာလည်း ရှိတုန်းပဲလို့ ပြောပါတယ်။
ကျောက်မီးသွေးစက်ရုံခေါင်းတိုင်က ပြာတွေအပြင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် နဲ့ ပြဒါးဓာတ်တွေ ထွက်တဲ့အတွက် ကျန်းမာရေးထိခိုက်တဲ့အကြောင်း စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက RFA ကိုပြောပြဖူးပါတယ်။ စက်ရုံက ထွက်တဲ့ ပြာတွေကြောင့် သီးနှံတွေ ဈေးကောင်းမရတော့ပေမယ့် ဘိလပ်မြေစက်ရုံတွေက ပြာတွေ လာယူနေတယ်လို့ပြောပါတယ်။

၂၀၁၇ မှာ စက်ရုံလည်ပတ်ခွင့် တနှစ်ထက်တိုးပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးရုံးက ၂၀၁၉ သြဂုတ်မှာ စက်ရုံကို သုံးနှစ်လည်ပတ်ခွင့် ပေးထားချိန် သက်တမ်း မကုန်ဆုံးခင်မှာ စစ်အာဏာသိမ်းပါတယ်။
စစ်အာဏာသိမ်းတဲ့အတွက် နိုင်ငံတဝန်းက လုပ်ငန်းအတော်များများ မလည်ပတ်နိုင်ချိန်မှာ တရုတ်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ဧဒင်အုပ်စုနဲ့ ရှမ်းရိုးမနဂါးကုမ္ပဏီဖက်စပ်ပါဝင်တဲ့ တီကျစ်စက်ရုံက လုပ်ငန်းအရှိန်မပျက် လည်ပတ်နေတာပဲဖြစ်ပါတယ်။