ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားတာကြောင့် သူ့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်ကို အသိအမှတ်မပြုကြောင်း စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေတာဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီ (Credentials Committee) က ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်းထားတာကြောင့် ဖြစ်တယ်လို့လည်း စစ်တပ်ခန့်အစိုးရဘက်က ဆိုပါတယ်။
ဒါ့အပြင် ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂမှာ ပြောဆိုချက်တွေနဲ့ လှုပ်ရှားမှုတွေဟာ စစ်တပ်ခန့်အစိုးရရဲ့ သဘောထားကို ကိုယ်စားမပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ခန့်အစိုးရက ဦးကျော်မိုးထွန်းကို နိုင်ငံပိုင်ပစ္စည်းတွေနဲ့ မြန်မာသံရုံးဆိုင်ရာ ရန်ပုံငွေတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ ဆက်သွယ်လုပ်ကိုင်နေတယ်ဆိုပြီး အဲဒီအဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားနေတာကြောင့် ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဦးကျော်မိုးထွန်းကို အရေးယူနိုင်ဖို့အတွက် အင်တာပို(INTERPOL)၊ အမေရိကန်နိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သံတမန်လမ်းကြောင်းတွေကနေ ဆောင်ရွက်နေတယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပပြီးနောက် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးနဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက ပြည်တွင်း၊ ပြည်ပမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေချိန် အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ အခုထုတ်ပြန်ချက်ဟာ ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်ကို အားနည်းသွားစေဖို့ ကြိုးပမ်းတာဖြစ်ပေမဲ့ လက်ရှိအခြေအနေ ပြောင်းလဲသွားနိုင်ခြေ နည်းတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အတွင်းရေးမှူးအဖွဲ့ဝင် ကိုလွမ်းသူက သုံးသပ်ပါတယ်။
“လက်ရှိစစ်အုပ်စုက နိုင်ငံတကာထောက်ခံမှု ကျဆင်းလာတဲ့ အခြေအနေမှာ ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လာတာလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေက ဦးကျော်မိုးထွန်းကို ကိုယ်စားပြုသူအဖြစ် ဆက်လက်ရပ်တည်ထားသလို၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်နေတာကြောင့် ဒီအခြေအနေက ပြောင်းလဲသွားနိုင်ချေ နည်းတယ်လို့ ကျွန်တော်ကတော့ မှတ်ချက်ပြုချင်ပါတယ်”
ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ရှိနေတာဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရှေ့မှာ ဆက်လက်တင်ပြနိုင်ဖို့ အရေးကြီးတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။
ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး ပြည်သူလူထုက ထောက်ခံတဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိရှိစေဖို့လည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ ကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီနှစ် Credentials Committee မှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဂျမေကာ၊ ဘဟားမားစ်၊ ယူဂန်ဒါ၊ ဘီနင်နဲ့ ဗန်နွာတူ စတဲ့ နိုင်ငံကိုးနိုင်ငံ ပါဝင်ပါတယ်။
ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ Credentials Committee က အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံကို အစီရင်ခံတင်ပြရတာ ဖြစ်ပါတယ်။ ကန့်ကွက်ခံထားရတဲ့ ကိုယ်စားလှယ်တစ်ဦးဟာ ကော်မတီရဲ့ အစီရင်ခံစာနဲ့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် မထွက်မချင်း ယာယီအနေနဲ့ ဆက်လက်ပါဝင်ခွင့်ရှိတယ်လို့ UN လုပ်ထုံးလုပ်နည်းမှာ ပြဋ္ဌာန်းထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုမလဲဆိုတဲ့ အငြင်းပွားမှု ဆက်ရှိနေပြီး Credentials Committee က မြန်မာကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ၈၀ ကြိမ်မြောက် အထွေထွေညီလာခံမှာလည်း မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ မတူညီတဲ့ အမည်စာရင်းနှစ်ခု ရှိခဲ့ပြီးနောက် ကော်မတီက ဆုံးဖြတ်ချက်ကို ထပ်ပြီးရွှေ့ဆိုင်းခဲ့ပါတယ်။
