ရန်ကုန်က အဆင့်မြင့်ကွန်ဒိုစီမံကိန်းတချို့ အငြင်းပွားမှုဖြစ်ပြီး စစ်ဆေးခံနေရ

အခန်းအမျိုးအစားအလိုက် တစ်ခန်းကို အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကနေ ငါးသိန်းအထိပေးဝယ်ရ။

ရန်ကုန်မြို့က အဆင့်မြင့်အိမ်ရာ (ကွန်ဒို) စီမံကိန်းသုံးခုမှာ ဝယ်သူတွေဆီကို သတ်မှတ်ချိန်အတွင်း အခန်းမလွှဲပေးနိုင်တာကြောင့် စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ကုမ္ပဏီဝန်ထမ်းတချို့ကို စတင်စစ်ဆေးနေတယ်လို့ အခန်းဝယ်ယူထားသူတွေက အောက်တိုဘာလ ၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

အဲဒီထဲက The Central စီမံကိန်းကို ဖော်ဆောင်နေတဲ့ Marga Landmark Development ကတော့ ဒီစုံစမ်းစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က ပူးပေါင်းဆောင်ရွက်နေတယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အငြင်းပွားမှုဖြစ်နေတဲ့ စီမံကိန်းတွေက ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်က The Central နဲ့ SOHO Tower၊ အလုံမြို့နယ် ဗဟိုလမ်းပေါ် က The Park အဆင့်မြင့်အိမ်ရာစီမံကိန်းတွေဖြစ်ပါတယ်။

အဆောက်အအုံ မပြီးခင် အခန်းတွေကို “ကြိုပွိုင့်” စနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဝယ်ယူသူတွေက ငွေပေးချေထားပေမဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း အခန်းမရတာကြောင့် ကုမ္ပဏီနဲ့ အခန်းပိုင်ရှင်တွေကြား အငြင်းပွားနေတဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီနောက် အာဏာပိုင်တွေက အခုလိုစစ်ဆေးတာတွေ စတင်တာဖြစ်တယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာအေးဘုရားလမ်းပေါ်က The Central ကွန်ဒိုအရောင်းပြခန်းကို ပိတ်ထားပြီး အရောင်းပြခန်းက စာရွက်စာတမ်းတွေနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို စသုံးလုံး (စစစ) က သိမ်းဆည်းထားတယ်လို့ အခန်းဝယ်ယူထားသူတစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ် The Central အရောင်းပြခန်းက လိုအပ်တဲ့ ဖိုင်တွေ၊ လက်တော့ပ်တွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ (Electronic devices) အကုန်လုံးကို စစစ က အကုန်သိမ်းထားတယ်။ မနေ့က (အောက်တိုဘာ ၃) ဝန်ထမ်းတွေ အကုန်လုံးကို ခေါ်ယူစစ်ဆေးမေးမြန်းနေပါတယ်”

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ယာယီရဲမှူး ချုပ်စိုးလင်းအောင် ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အဲဒီစီမံကိန်းတွေထဲက The Central ကို Marga Landmark Development ကုမ္ပဏီက ဖော်ဆောင်နေတာဖြစ်ပြီး SoHo ကတော့ The Central စီမံကိန်းထဲမှာပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ The Park စီမံကိန်းကိုတော့ Green Urban Ventures ကုမ္ပဏီက ဆောင်ရွက်နေတာဖြစ်ပါတယ်။

Marga Landmark Development ကတော့ The Central စီမံကိန်းက အခန်းအားလုံးကို ပြီးစီးအောင် ဆောက်လုပ်ပြီး ဝယ်ယူသူတွေဆီ လွှဲပြောင်းပေးသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ လက်ရှိဆောက်လုပ်ရေးအခြေအနေ၊ ဆက်လက်ဆောင်ရွက်မယ့် အချိန်ဇယား၊ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နှောင့်နှေးမှုတွေနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်ချက်တွေကိုလည်း ဝယ်ယူသူတွေဆီ အသေးစိတ် အသိပေးသွားမယ်လို့ ဆိုပါတယ်။

The Park စီမံကိန်းမှာ ကြိုပွိုင့်စနစ်နဲ့ ၂၀၂၂ ခုနှစ်ကတည်းက အခန်းဝယ်ယူထားသူတစ်ဦးက စာချုပ်ပါသတ်မှတ်ချက်အရဆိုရင် ဒီနှစ် နှစ်ဆန်းပိုင်းမှာ အခန်းလက်ခံရရှိရမှာဖြစ်ပေမဲ့ အခုချိန်အထိ မရသေးတာဘူးလို့ RFA ကို ပြောပါတယ်။

“လုပ်ငန်းလည်ပတ်ထားတာ ဘာမှမရှိဘူး။ ကျမတို့ရဲ့ အဆောက်အအုံတွေက ၂ နှစ်ကျော် ၃ နှစ်အတွင်းသာ ဖြစ်လာတယ်။ အခုအချိန်ထိ အဆောက်အအုံရဲ့ အုတ်မြစ်တောင် မချရသေးပါဘူး”

အဲဒီအိမ်ရာစီမံကိန်းတွေမှာ အခန်းဈေးနှုန်းတွေကို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ် ရောင်းချခဲ့တာဖြစ်ပြီး အခန်းအမျိုးအစားအလိုက် တစ်ခန်းကို အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကနေ ငါးသိန်းအထိ ရှိတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။ ဒေါ်လာကို ပြင်ပပေါက်ဈေးနဲ့ ငွေပေးချေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ Marga Landmark Development ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA စုံစမ်းရရှိထားတဲ့အချက်အလက်တွေအရ လက်ရှိ စီမံကိန်းသုံးခုလုံးမှာ ငွေပေးချေထားပေမဲ့ အခန်းမရသေးသူ စုစုပေါင်း ၁၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံသားတွေအပြင် ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။