အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေ ရထားတယ်ဆိုတဲ့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် (PRF) က စက်တင်ဘာ ၂၉ ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
စစ်တပ်ခန့်အစိုးရကတော့ People’s Revolution Supply Family (PRF) ဝက်ဘ်ဆိုက်ကတစ်ဆင့် NUG နဲ့ ဆက်နွှယ်တဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့သူ ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေက ရရှိထားပြီး အဲဒီထဲက ၂၁ ဦးကို ဖမ်းဆီးထားတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
ဖမ်းမိထားသူတွေဟာ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ မြို့ပေါင်း ၁၉ မြို့က အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ကိုးဦး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။။
Wave Pay ကတစ်ဆင့် ထောက်ပံ့သူ ၇၀၀ ဝန်းကျင်၊ NUG Pay ကတစ်ဆင့် ၁,၀၀၀ ဝန်းကျင်နဲ့ Spring Development Bank (SDB) ကတစ်ဆင့် ၁,၀၀၀ ဝန်းကျင်ရဲ့ အချက်အလက်တွေကို ရရှိထားတယ်လို့လည်း စစ်တပ်ခန့်အစိုးရက ဆိုပါတယ်။
PRF ကတော့ အဖွဲ့ဝင်တွေရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ ဓာတ်ပုံလို ကိုယ်ရေးအချက်အလက်တွေကို စတင်တည်ထောင်ချိန်ကတည်းက ကောက်ယူတာ၊ သိမ်းဆည်းတာမျိုး မလုပ်တဲ့ မူဝါဒကို ကျင့်သုံးထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PRF အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်တဲ့အခါမှာ နာမည်လွှဲတစ်ခုနဲ့ အီးမေးလ်လိပ်စာတစ်ခုသာ လိုအပ်တာကြောင့် PRF စနစ်ကတစ်ဆင့် လူတစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ရရှိထားတယ်ဆိုတဲ့ စစ်တပ်ခန့်အစိုးရဘက်က ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ PRF က ငြင်းဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က အခုလိုထုတ်ပြန်တာဟာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး PRF အပေါ် ယုံကြည်မှု ပျက်ပြားစေဖို့နဲ့ တော်လှန်ရေးရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း PRF က ပြောပါတယ်။
စစ်တပ်ခန့်အစိုးရက ဖော်ပြထားတဲ့ ဖမ်းဆီးခံထားရသူတွေဟာ အရင်လတွေက Wave Money အေးဂျင့်တစ်ဦးဆီက ရထားတဲ့ စာရင်းတွေနဲ့ တခြားအမှုတွေကြောင့် ဖမ်းဆီးခံထားရသူတွေရဲ့ ဖုန်းတွေထဲက အချက်အလက်တွေကို စုစည်းပြီး PRF နဲ့ ဆက်စပ်ဖော်ပြထားတာလို့လည်း ဆိုပါတယ်။ ဒီပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ NUG ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလနောက်ဆုံးပတ်အတွင်း အရပ်သားတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီအကြောင်းကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီလို ထောက်ပံ့တယ်ဆိုပြီးမှ ဖမ်းသွားတာ။ သူတို့ ဖုန်းတွေထဲကနေမှ (ခြေရာခံ)လိုက်တယ်လို့ ပြောတာပဲ။ ဖုန်းကနေလိုက်ပြီးမှ သူတို့ တွေ့တာပေါ့ကွာ။ NUG နဲ့ ပတ်သက်တဲ့ဟာ။ သူတို့ ထောက်ပို့လုပ်တယ်ဆိုတဲ့ဟာ။ တွေ့တဲ့အခါကျတော့ ဖမ်းသွားတယ်လို့ ပြောတယ်”
စစ်တပ်ခန့်အစိုးရက ကျန်တဲ့ ငွေကြေးထောက်ပံ့သူတွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ ပြောထားပြီး ဆက်နွှယ်တယ်လို့ ယူဆတဲ့ Wave Pay အကောင့်တွေကိုလည်း ပိတ်သိမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
PRF ဘက်ကတော့ ပြည်သူတွေရဲ့ ငွေကြေးအချက်အလက်တွေကို စစ်တပ်ဘက် ပေးပြီး ပူးပေါင်းနေတယ်လို့ Wave Money နဲ့ ရိုးမဘဏ်ကို စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး Wave Money နဲ့ ရိုးမဘဏ်ဘက်က တုံ့ပြန်ချက်ကို မရသေးပါဘူး။
PRF က လုံခြုံရေးအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ပြည်တွင်းက ထောက်ပံ့သူတွေအနေနဲ့ ဖုန်းနဲ့ ငွေလွှဲမှတ်တမ်းတွေရဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူ ၃၂,၀၀၉ ဦး ရှိနေပါတယ်။
