ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကနေ ပြန်ဆင်းလာတဲ့ စစ်တပ်သုံး သင်္ဘောတွေကို ရွှေကူမြို့နယ်၊ မြလည်ရွာအနီးမှာ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော နှစ်စင်း မီးလောင်ပျက်စီးသွားတယ်လို့ KIA က RFA ကို အတည်ပြုပြောပါတယ်။
အဲဒီသင်္ဘောတွေဟာ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်ဆင်းလာချိန်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဒီနေ့(စက်တင်ဘာ ၁၃ရက်) မနက် ၆ နာရီလောက်မှာ လှုပ်ရှားလာတဲ့ စစ်သင်္ဘောတွေကို KIAနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်တာ နှစ်စင်း မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရပါတယ်။ ဒီညနေပိုင်းကတော့ ငြိမ်နေပြီးတော့ သင်္ဘောတွေက ဘယ်လိုပြန်ယူသွားမလဲဆိုတာတော့ မသိသေးဘူး။ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောက ဆယ်စင်းလောက်ရှိတယ်။ ဆယ်စင်းလောက်ဆိုတာက တွန်းသင်္ဘောတွေအပါအဝင်ပေါ့ တကယ့်သင်္ဘောက သုံးစင်းလောက်ပဲပါတယ်။ ကျန်တာက ဖလက်တွေဘာတွေပါ”
ဒီတိုက်ခိုက်မှုအပါအဝင် ဩဂုတ်လနှောင်းပိုင်းကစပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်မှုတွေအတွင်း စစ်တပ်သုံး သင်္ဘော အနည်းဆုံး ၁၆ စင်း ပျက်စီးခဲ့တယ်လို့လည်း KIA က ဆိုပါတယ်။
ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒီအခြေအနေကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကမ်းဘေးက မြလည်ရွာနဲ့ ဆူးပုတ်ကုန်းရွာတို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KIA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်တပ်ရဲ့ ရေယာဉ်အုပ်စုဟာ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာလို့လည်း ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာလည်း ဗန်းမော်ခရိုင် မံစီမြို့နယ် အောင်ဂျာရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ KIA က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
