KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် စစ်တပ်သင်္ဘောငါးစင်း ပျက်စီးဟုဆို

စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲ။

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းထဲက စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို စက်တင်ဘာ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သင်္ဘောငါးစင်း ထိခိုက်ပျက်စီးသွားတယ်လို့ KIA က အတည်ပြုပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီကျော်လောက်က ရွှေကူမြို့နယ်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောနှစ်စင်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ညနေ ၃ နာရီကျော်လောက်မှာတော့ ဗန်းမော်ဘက်ကနေ ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်သင်္ဘော လေးစင်းကို ထပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တစ်စင်း နစ်မြုပ်သွားပြီး နှစ်စင်း မီးလောင်သွားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“မနေ့က ကသာဘက်က တက်လာတဲ့ သင်္ဘောတွေက ရွှေကူကို မနေ့က စရောက်တယ်။ ရွှေကူမှာ ရပ်နေတဲ့သင်္ဘောတွေကို တိုက်ခိုက်တော့ သင်္ဘောနှစ်စင်းက မီးလောင်သွားတယ်။ ဒီနေ့ညနေပိုင်းမှာ ဗန်းမော်ကဆင်းလာတဲ့ သင်္ဘောတွေကျတော့ တစ်စင်းကတော့ မြုပ်သွားတယ်။ နှစ်စင်းက မီးလောင်သွားတယ်၊ စုစုပေါင်း ငါးစင်းဖြစ်သွားတာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်ကကျတော့ ၁၄ စင်းတက်လာတာပေါ့။ ခုနစ်စင်းပဲ ဗန်းမော်ကိုရောက်သွားတယ်။ ကျန်တာက လမ်းမှာပျောက်သွားတယ် ပြောလို့ရပါတယ်”

စက်တင်ဘာ ၆ ရက်ကတည်းက မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော အစင်း ၃၀ ကျော်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာပါ။ အဲဒီထဲက သင်္ဘောတချို့က ဗန်းမော်ဘက်ကို ဆက်တက်သွားပြီး တချို့က ကသာနဲ့ ရွှေကူဘက်ကို ရောက်လာခဲ့ပါတယ်။

စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီး နာရီပိုင်းအတွင်းမှာပဲ စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ရွှေကူမြို့နယ်အတွင်း ဧရာ၀တီမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဗန်းမော်ကို တက်သွားတဲ့ သင်္ဘောတွေနဲ့ ဆင်းလာတဲ့ သင်္ဘောတွေက ဒီနေ့ ၃နာရီကျော်မှာ စင်ခန်းနားမှာ သွားဆုံတယ်။ အဲဒီနေရာမှာ လေကြောင်းရော၊ လက်နက်ကြီးရောနဲ့ တိုက်ပွဲက အကြီးအကျယ် ဖြစ်နေတာ။ မနေ့ကလည်း စစ်တပ်နဲ့တိုက်ပွဲမှာ သေနတ် ၁၉ လက်လောက်ရတယ်။ ဒီနေ့မနက်ပိုင်းကလည်း ကိုးလက်လောက် ထပ်ရတယ်။ စစ်တပ်ဘက်က သေဆုံးတာကတော့ အများကြီးပေါ့”

KIAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စစ်သင်္ဘောတွေထဲမှာ စစ်သား တစ်ရာနီးပါးလိုက်ပါလာပြီး အများစုဟာ တိုက်ပွဲဖြစ်ပွားချိန်မှာ မြစ်ထဲခုန်ဆင်း ထွက်ပြေးသွားကြတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အရင် ဩဂုတ် ၂၁ ရက်ကလည်း မန္တလေးကနေ ဗန်းမော်ဘက်ကို စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေ တင်ဆောင်ပြီး ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၄ စင်းထဲက ခုနစ်စင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ KIA ဘက်က ပြောထားပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ သုံ့ပန်း ၁၅၁ ဦးအထိ ဖမ်းဆီးရမိခဲ့တယ်လို့လည်း KIA ရဲ့ သတင်းဌာန ALEN YANG TV က ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ဗိုလ်ကြီး နှစ်ဦး၊ အရာခံဗိုလ် ငါးဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနဲ့ တပ်သား ၃၅ ဦး၊ ပြည်သူ့စစ်မှုထမ်း တပ်သား လူငယ် ၃၄ ဦး၊ ရဲမေ ၁၇ ဦး၊ ဒေသခံ ရှစ်ဦးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ALEN YANG TV မှာ ဖော်ပြထားပါတယ်။