တနိုင်းမှာ စစ်ဘေးဒုက္ခသည် ကလေးငါးဦး ရေနစ်သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နမ်ဗျူကျေးရွာက နမ်ဗျူချောင်းမှာ အသက်မပြည့်သေးတဲ့ စစ်ဘေးဒုက္ခသည် မိန်းကလေးငါးဦး ဧပြီလ ၁၄ ရက်နေ့မှာ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် (၁၃) နှစ်အရွယ် မဂျာထွယ်ပန်၊ အသက် (၁၁) အရွယ် မနူးနူးမိုင်၊ အသက် (၉) နှစ် ရွယ် မဂျာဆိုင်းတောင်၊ အသက်(၁၂) နှစ်အရွယ် မရွယ်တောင်နဲ့ အသက် (၇) နှစ်အရွယ် မဂျာဆိုင်းမိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လေးဦးရဲ့အလောင်းကိုတော့ ပြန်တွေ့ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တနိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိန်းကလေးတွေ အဖွဲ့လိုက် ရေသွားချိုးတဲ့ ရေသွားကစားတဲ့အချိန် ဖြစ်သွားတာ။ အစကတော့ ရေတိမ်တဲ့ နေရာမှာဆော့ကြတာ နောက်တော့ ဝါးစီးပြီး ရေနက်တဲ့နေရာရောက်သွားတော့ အခုလိုဖြစ်သွားတာ။ အလောင်းက လေးလောင်းတော့တွေ့ပြီး တစ်လောင်းကိုရှာနေဆဲပဲ”

သေဆုံးတဲ့မိန်းကလေးတွေက တနိုင်းမြို့နယ် ငွေပျော်ကျေးရွာသစ်ကို စစ်ရှောင်လာတဲ့ နမ်ဗျူကျေးရွာခံ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နမ်ဗျူကျေးရွာက စစ်ဘေးဒုက္ခသည်နှစ်ရာဝန်းကျင်ဟာ တိုက်ပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းကစပြီး ငွေပျော်ကျေးရွာသစ်ကို ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်ပါတယ်။