ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း တောင်းဆို

RFA Burmese
2024.04.18
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း တောင်းဆို နေပြည်တော်တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုအခမ်းအနားတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။
Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်ကနေ နေအိမ်တွေကို ပြောင်းလိုက်တာကို ထိုင်းအစိုးရအနေနဲ့ ကြိုဆိုကြောင်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်းဖရီး ဘာဟီဒါ နူကာရာက မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်တဲ့အနေနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်လို့ ဧပြီလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင် (Srettha Thavisin) နဲ့ နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန် (Christopher Luxon) တို့ရဲ့ ကမ္ဘာ့ရေးရာနဲ့ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးတဲ့အခါ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ မြန်မာပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ညီညွတ်ရေးတွေအတွက် အာဆီယံ ဦးဆောင်ကြိုးပမ်းနေတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း အကောင်အထည်ပေါ်လာအောင် အထူး ထောက်ခံအားပေးသွားကြမှာဖြစ်သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အပြုသဘောဆောင်ပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေကို အားပေးသွားမယ်လို့ မနေ့ကထုတ်တဲ့ နှစ်နိုင်ငံကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။