နေပြည်တော်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာ ဆက်ပြီးလက်ခံ

RFA Burmese
2024.04.22
နေပြည်တော်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာ ဆက်ပြီးလက်ခံ ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် အာဆီယံ-UN ထိပ်သီးအစည်းအဝေးတက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
ASSOCIATED PRESS

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဧပြီလ ၂၂ ရက် ဒီနေ့ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေကို နေပြည်တော် အချုပ်ထောင်ကပဲ ဆက်ပြီးလက်ခံခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းတွေကို နေပြည်တော် အချုပ်ထောင်ကို ပို့ပေးရပြီး ဒေါ်အောင်ဆန်းစုကြည်က ထောင်ဝန်ထမ်းတွေကတစ်ဆင့် မှာယူထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်တချို့ကိုပါ ပို့ပေးရကြောင်း အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (ထောင်ဝန်ထမ်း) တွေက ဘယ်မှာဆိုတာ မပြောဘူး။ ဒီမှာပဲ လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာတဲ့ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်တွေ ပို့ပေးရတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ ဘာမှတော့ ဆေးတွေ ဘာတွေမမှာဘူး”

ဒီအခြေအနေတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝန်ထမ်းတွေ အဆက်အသွယ်ရှိနေကြောင်းနဲ့ ထောင်ဝင်စာကိုလည်း ဆက်လက် လက်ခံထားတဲ့အတွက် နေပြည်တော် အချုပ်ထောင် ဒါမဟုတ် နေပြည်တော်က နေရာတစ်ခုမှာပဲ ဆက်ရှိနေနိုင်တယ်လို့ သူကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အချုပ်ထောင်ထဲမှာ ဆက်ရှိနေသလားဆိုတာကို တိတိကျကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အကျဥ်းသားတွေကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတဲ့ မြန်မာနှစ်ဆန်းတစ်ရက်မတိုင်ခင် တစ်ရက်အလို ဧပြီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့လိုက်တယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့သာမက ကျန်းမာရေးအရ လိုအပ်တဲ့အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်ရေး လိုအပ်တဲ့ကာကွယ်မှုတွေ ဆောင်ရွက်ပေးနေကြောင်း မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုတော့ တိတိကျကျပြောမသွားပါဘူး။

ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစလို့ အကြိမ်ကြိမ် စာနဲ့ တင်ပြတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက တစ်ကြိမ်တစ်ခါမှ အကြောင်းပြန်လာတာမျိုး မရှိဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ် ဆက်လက် ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။