ထားဝယ်က စစ်ကောင်စီစခန်းတစ်ခုကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ မောထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက RFA ကို အတည်ပြုပြောဆိုပါတယ်။

(KNU) တပ်မဟာ ၄ နယ်မြေထဲမှာရှိတဲ့ အဲဒီစခန်းကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၃၀ ကျော် ရရှိခဲ့တာလို့ ဆိုပါတယ်။

“စခန်းကို မနေ့ကရတာ။ တကယ့် တကယ်သွားတိုက်တဲ့အချိန်မှာက ခဏလေးပဲ။ ကြောက်လန့်ပြီး ပြေးကြတာ”

အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်သား လေးဆယ်ဝန်းကျင်ရှိပြီး တိုက်ပွဲဖြစ်လို့ စခန်းကို စွန့်ခွာထွက်ပြေးသွား ကြတယ်လို့ ပြောပါတယ်။

မောထစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်တာ ဟုတ်တယ်လို့ NUG တနင်္သာရီ တိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံကလည်း ပြောပါတယ်။

“နယ်စပ်စခန်းတစ်ခုကို သိမ်းလိုက်ပါတယ်။ KNLA နဲ့ PDF ပေါင်းပြီးတော့ပေါ့။ လက်ရှိမှာ အတည်ပြုရမှာတွေ ရှိနေဆဲပါ”

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီးဦးသက်နိုင် ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မောထစခန်းဟာ ထိုင်းနယ်စပ်နဲ့နီးပြီး၊ ထားဝယ်မြို့နယ်မှာ ဒုတိယမြောက်သိမ်းပိုက်ခံရတဲ့ စခန်းဖြစ်ပါတယ်။ ဇန်နဝါရီလက ကျောက်ထုတပ်စခန်းကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့တနင်္သာရီတိုင်းထဲမှာ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေကလွဲလို့ ကျန်တဲ့ ရှစ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး အခုနှစ်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။