စနဲမြို့မှာ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် တစ်ဦး သေဆုံး၊ ခြောက်ဦးထက်မနည်း ဒဏ်ရာရ

RFA Burmese
2024.05.08
စနဲမြို့မှာ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် တစ်ဦး သေဆုံး၊ ခြောက်ဦးထက်မနည်း ဒဏ်ရာရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ကို မေလ ၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးရှစ်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စနဲမြို့ ဈေးနဲ့ကားဂိတ်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး စာတိုက်အပါအဝင် ဈေးဆိုင်ခန်းတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စနဲဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ ဗုံးခြောက်လုံး လာကြဲတယ်။ ပြီးရင် တစ်နာရီကျော်လောက်မှာ နှစ်လုံးလာကြဲတယ်။ ဒရုန်းနဲ့ လာကြဲတာပါ။ မိန်းမတစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ လူခုနစ်ယောက်လောက် ဒဏ်ရာရတယ်။ တစ်ယောက်က ဒဏ်ရာအတော်ပြင်းတယ်။ စာတိုက်နဲ့ ဈေးအဆောက်အအုံတချို့ ပျက်စီးသွားတာရှိတယ်။ တိုက်ပွဲတွေဖြစ်တာ မရှိပါဘူး”

သေဆုံးသွားသူဟာ စနဲမြို့ပေါ်က အသက် ၂၈ နှစ်အရွယ် မမျိုးသန္တာဝင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ပြီးတဲ့အချိန်အထိလည်း မြို့ပေါ်မှာ ဒရုန်းပျံဝဲနေဆဲဖြစ်တာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စနဲမြို့ပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မေလ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ရဟန်းတစ်ပါးအပါအဝင် လေးဦး သေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ရာကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ရာနီးပါးရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။