မာန်အောင်မြို့နယ်မှာ လူနေအိမ် နှစ်ရာကျော် ပြောင်းရွှေ့ဖို့ ဖိအားပေးခံရ
2024.04.18
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဧပြီလ ၁၈ ရက်နေ့မှာဝင်ရောက်လာပြီး ရွာက နေအိမ်နှစ်ရာကျော်ကို ပြောင်းရွှေ့ပေးဖို့ ဖိအားပေးခိုင်းစေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သစ်ပုံရွာမှာ ရပ်ကွက်ငါးခုနဲ့ နေအိမ် ငါးရာခန့်ရှိပြီး အဲဒီအထဲက ငှက်ပျောတောရပ်ကွက်နဲ့ အနောက်ပါးရပ်ကွက်က နေအိမ် နှစ်ရာခန့်ကို ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
မာန်အောင်ကျွန်းရဲ့ အလယ်ပိုင်း မြေနီတောင်၊ ပန်းခြံရွာနဲ့ ဖက်ယားရွာတွေဘက်ကို ပြောင်းရွှေ့ခိုင်းတာဖြစ်ပြီး ဖိအားပေး ပြောင်းရွှေ့ခိုင်းတာဖြစ်တာကြောင့် ရွာခံတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်းဒေသက လူတွေဟာ အခုတလော တော်တော်ကြီး ကြောက်နေကြတယ်။ လူတွေဟာ ရိက္ခာတွေလည် ဖြတ်ခံရတယ်။ ကြောက်စိတ်တွေနဲ့ နေနေရတဲ့အချိန်မှာ ထပ်ပြီး ရေရှားပါးတဲ့ရွာ၊ ခေါင်တဲ့ရွာတွေကိုပြောင်းဖို့ ဖိအားပေးခံရတယ်။ မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ကြမယ်”
သစ်ပုံရွာက နေအိမ်တွေကို ပြောင်းရွှေ့ခိုင်းတာက မာန်အောင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကင်းမှုံတောင်တပ်စခန်းက ဗိုလ်မှူးပြည့်ဖြိုးမောင်တို့ ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး ဘာကြောင့် ပြောင်းရွှေ့ခိုင်းတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဧပြီလ ၇ ရက်နေ့ကလည်း သစ်ပုံရွာကို စစ်တပ်နဲ့ရဲအင်အား သုံးဆယ်ခန့် ရောက်လာခဲ့ပြီး ရွာခံတွေကို ရက္ခိုင့်တပ်တော် (AA) ကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခိုင်းသလို AA အလိုမရှိဆိုတဲ့ စာသားကိုရေးပြီး နေအိမ်တွေမှာ ကပ်ထားကြဖို့လည်း ဖိအားပေးခိုင်းစေမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။