စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှားတောရွာက ခရစ်ယာန်ဘုရားကျောင်းကို ဧပြီလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှားတောရွာနဲ့ စက္ကန့်ရွာအနီးမှာ ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းကို တိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရှားတောရွာက ဘုရားကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ရော၊ လက်နက်ကြီးရော ပစ်ချတာ။ ဘုရားကျောင်း အမိုးတွေတွေ ပြိုကျပျက်စီးသွားတယ်”
အဲဒီနေ့မှာပဲ ကလေးမြို့နယ် မော်စီရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ခရစ်ယာန် ဓမ္မဆရာတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး သူ့မှာပါလာတဲ့ ပိုက်ဆံ၊ ရွှေလက်စွပ်နဲ့ ဖုန်းကိုသိမ်းယူပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ကလေးမြို့ နဲ့ အနီးတစ်၀ိုက်ရွာတွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလိုဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ကလေးမြို့နယ်မြောက်ပိုင်းမှာ တိုင်းပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။