တရုတ်–မြန်မာနယ်စပ်က ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး အားလုံးကို ချိပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ဧပြီလ ၅ ရက်နေ့မှာ ပြောပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေလည်း မြို့ထဲက ထွက်ခွာသွားပြီဖြစ်သလို KIA တပ်သားတွေကလည်း မြို့ထဲမှာ ဝင်ရောက်နေရာယူထားပြီလို့ လွယ်ဂျယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“အကုန်လုံးသိမ်းလိုက်ပြီ။ မြို့ထဲမှာ အကုန်လုံးရောက်နေကြပြီ။ ဌာနဆိုင်ရာရုံးတွေလည်း အကုန်ချိပ်ပိတ်ပြီး တချို့နေရာ ကချင်အမျိုးသားအလံတွေ ထောင်ထားလိုက်ပြီ။ စစ်တပ်နဲ့ ရဲတွေကိုတော့ ဒီတိုင်းပဲ ပိတ်ထားဆဲပဲ”
လွယ်ဂျယ်မြို့ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဈေးနဲ့ ဆေးရုံနေရာတွေမှာလည်း ကချင်အမျိုးသားအလံတွေ လွှင့်ထူထားပြီလို့ သူက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးဂိတ်နေရာနဲ့ ဌာနဆိုင်ရာနေရာတွေမှာ “သိမ်းပိုက် စိုးမိုးထားပြီး” “တာဝန်ရှိသူမှ အပ မည်သူမှ ဝင်ထွက်သွားလာ အသုံးပြုခွင့်မရှိ” ဆိုပြီး KIA က ကြေညာစာ၊ တားမြစ်စာတွေလည်း ကပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေမရှိတော့ပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ လွယ်ဂျယ်မြို့ စစ်တပ်ဝန်းထဲမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာသွားပေမယ့် လွယ်ဂျယ်မြို့ကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားတွေ မစသေးဘူးလို့ ပြောပါတယ်။
လွယ်ဂျယ်မြို့မှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ ဌာနဆိုင်ရာ ၂၁ ခုရှိတဲ့ မြို့ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့က စတင်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ခြောက်ဆယ်ကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။