စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတောမရွာမှာ ဧပြီလ ၁၃ ရက်နေ့က အင်အားခြောက်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်စီးနင်းပြီးနောက် ဒေသခံနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အရာတော်မြို့နယ် အနောက်ဘက်အခြမ်းရွာတွေဖြစ်တဲ့ ဝါးတောမ၊ မကျီးစု၊ ရေယဉ်သာ၊ ဘော်ကုန်းစတဲ့ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝါးတောမရွာက အသက် ၇၀ အရွယ် အဘိုးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်ဒေသခံတစ်ဦးကတော့ အသတ်ခံရသူတွေဟာ ဝါးတောမရွာထဲ စစ်ကောင်စီတပ်သားတွေဝင်လာချိန် ဖမ်းဆီးခံလိုက်ရသူတွေဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ရွာထဲဝင်စီးနင်းတော့ ထွက်ပြေးဖို့က အချိန်မရလိုက်တာ။ အဲဒီမှာ အဖမ်းခံရပြီးတော့ အသတ်ခံလိုက်ရတာ။ ရွာတွေမီးရှို့ခံရတာလည်းရှိတယ်။ အခုလည်း စစ်ကြောင်းက အရာတော်ထဲမှာရှိသေးတော့ အသေးစိတ် မသိရသေးဘူး”
အဲဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဝါးတောမရွာသားသုံးဆယ်ကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ဆက်ပြီးစစ်ကြောင်းထိုးနေလို့ ရွာငါးရွာက ဒေသခံ ငါးထောင်နီးပါး အခုချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းသေဆုံးသူ ၄၈၈၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။