ကျောက်ဖြူမြို့နယ် ဒွေးချရွာမှာ လက်နက်ကြီးကြောင့် နေအိမ် ၃၀ ခန့်မီးလောင်

RFA Burmese
2024.04.22
ကျောက်ဖြူမြို့နယ် ဒွေးချရွာမှာ လက်နက်ကြီးကြောင့် နေအိမ် ၃၀ ခန့်မီးလောင် ကျောက်ဖြူမြို့နယ်၊ ဒွေးချရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဒွေးချရွာမှာ ဧပြီလ ၂၁ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၁ ရက် မနေ့မနက်ပိုင်းက ဒွေးချရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်မော်ကြီး ရေတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဒွေးချရွာထဲ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ တောင်မော်ကြီး ရေတပ်စခန်းကနေပစ်တာ။ ဒေသခံတွေကတော့ အရင်ကတည်းက ရှောင်နေရလို့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေပဲ မီးလောင်သွားတာ”

နေအိမ်နှစ်ရာနီးပါးရှိတဲ့ ဒွေးချရွာမှာ ဒေသခံတွေလည်း မရှိတော့သလို နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း နေအိမ်တွေထဲက ဆန်၊ စပါးတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်နှစ်လုံးနဲ့ ဘုန်းကြီးကျောင်းထဲက အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်၊ စနဲမြို့နဲ့အနီးတစ်ဝိုက်ကို မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒွေးချရွာ အပါအဝင် ရွာဆယ်ရွာခန့်က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။