ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာ တစ်လကျော်အတွင်း ဆယ်ဦး မိုင်းထိပြီး တစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တစ်လကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် ဆယ်ဦးထိခိုက်ခဲ့ပြီး အဲဒီထဲက တစ်ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လကနေ ဧပြီလ ၃ ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် ကွတ်ခိုင်မြို့နယ်မှာ ကိုးဦး၊ နမ့်ခမ်းမြို့နယ်မှာ တစ်ဦး မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

အလားတူ ဧပြီလ ၂ ရက်နေ့ကလည်း မူဆယ်မြို့နယ် နမ့်ပေါ်ချောင်းအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မတ်လတစ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် အရပ်သားသုံးဦး သေဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဧပြီလ ၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်မှာ သေဆုံး၊ ဒဏ်ရာရသူ ၃၉၀ သာ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၁၀၅၂ ဦးအထိ မြင့်တက်လာတာလို့ ဆိုပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့တယ်လို့ (UNICEF) က ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေး ၅၉ ဦး ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းက ၃၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ ၁၂ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။