လွိုင်ကော်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လွတ်

RFA Burmese
2024.04.04
လွိုင်ကော်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လွတ် လွိုင်ကော်အကျဉ်းထောင်အား ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။
Kantarawaddy Times

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဧပြီလ ၁ ရက်နေ့က လွတ်ရက်စေ့လို့ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ပြန်လွတ်လာသူတွေအထဲ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး လေးဦးပါဝင်ပြီး သူတို့ဟာ ၂၀၂၁ ခုနှစ်အတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ ထောင်သုံးနှစ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး တာဝန်ရှိသူတစ်ဦးကတော့ လွိုင်ကော်အကျဉ်းထောင်က ပြန်လွတ်လာသူတွေကို နေရပ်ပြန်ဖို့ အကူအညီပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဧပြီ တစ်ရက်နေ့က ည ၁၂ လောက်မှာ လွတ်တယ်။ နောက်တစ်နေ့မနက်ကျတော့ သွားရေးလာရေး အခက်အခဲရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့နေရပ်ပြန်ပို့ဖို့ အကူအညီပေးခဲ့ပါတယ်”

လွိုင်ကော်အကျဉ်းထောင်ထဲမှာ စားသောက်ရေးအခက်အခဲဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရတော့တဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြောဆိုချက်ကို သူက ပြန်ပြောပြပါတယ်။

ထောင်ဝင်စာ အစားအသောက်နဲ့ ပစ္စည်းတွေပို့တဲ့အခါမှာလည်း သက်ဆိုင်ရာနိုင်ငံရေးအကျဉ်းသားတွေထံ မရောက်ရှိတော့တာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့ တစ်နေ့တည်းမှာပဲ လွိုင်ကော်အကျဉ်းထောင်ကနေ အခြားအမှုနဲ့ အကျဉ်းသား ၂၅ ဦးလည်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

လွိုင်ကော်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် ကျန်ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် ( ၂၀,၃၀၄ ဦး) အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။