လွယ်ဂျယ်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးလည်ပတ်မှု ရပ်ဆိုင်း

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်တဲ့ ကချင်ပြည်နယ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ်သိမ်းပိုက်ထားတာ မရှိပေမယ့် ဧပြီလ ၂ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာလည်ပတ်မှုတွေ အားလုံးရပ်ဆိုင်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေမရှိတော့ဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပဲ ကျန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်နေ့က ကတည်းက ဌာနဆိုင်ရာတွေတချို့က အင်ဘာပါ (လွယ်ဂျယ်-မံစီ) လမ်းဘက်က ဆင်းသွားပြီ။ စစ်တပ်နဲ့ ရဲပဲ ရှိတော့တယ်။ KIA ကလည်း မနေ့ကတော့ ရဲစခန်းထိတော့ ရောက်နေပြီ။ မြို့ကို အပြီးသိမ်းတဲ့အခြေအနေ မဟုတ်ပေမယ့် ဌာနဆိုင်ရာ ယန္တယားလည်ပတ်မှုတွေ မရှိတော့ဘူး”

လွယ်ဂျယ်-မိုးမောက်လမ်းပေါ်က တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့မှာ KIA က စတင်တိုက်ခိုက်ကတည်းက နယ်စပ်ကုန်သွယ်မှုတွေလည်း ရပ်ဆိုင်းသွားပြီး ကုန်တင်ကား နှစ်ရာကျော်လည်း ပိတ်မိနေတယ်လို့ သူကဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လွယ်ဂျယ်မြို့က တရုတ်ပြည်နဲ့ ကပ်နေတဲ့ နယ်စပ်မြို့ဖြစ်တဲ့အတွက် မြို့သိမ်းဖို့ ချင့်ချိန်နေရတယ်လို့ RFA ကို ပြောထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လွယ်ဂျယ်မြို့ဟာ အရေးပါတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပြီး စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၉ သန်းကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။