မဟာစင်မုန်တိုင်း အားပျော့သွားကြောင်း ပြောကြား

မဟာစင်မုန်တိုင်းဟာ အခုအခါ အားပျော့သွားပြီဖြစ်ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားလာခဲ့ရာမှာ ကုန်းတွင်းပိုင်းရောက်လာတာနဲ့အမျှ အားပျော့လာခဲ့ပြီး သာမန် အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်ရှိသွားခဲ့တာကြောင့် စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးထွန်းလွင်က မဟာစင် ဆိုင်ကလုန်းမုန်တိုင်းရဲ့ အန္တရာယ်မရှိတော့ပါဘူး၊ တချို့နေရာတွေမှာ မုန်တိုင်းကြောင့် မိုးကြီးနိုင်ပါတယ်၊ ဒါပေမယ့် အန္တရာယ်မရှိတော့ပါဘူးလို့ AP သတင်းကို ပြောပါတယ်။

နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း RFA ကို အခုလို ပြောပါတယ်။

"မုန်းတိုင်းကတော့ တိုက်ရိုက်မထိတော့တဲ့အတွက်ကြောင့်မို့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း မိုးကြီးနိုင်တယ်ပေါ့"

မဟာစင်မုန်တိုင်း ဖြတ်သန်းခဲ့တဲ့ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ စုစုပေါင်း သေဆုံးသူ ၁၈ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်သန်းကျော် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည် တစ်သိန်းလေးသောင်းလောက်ရဲ့ တဝက်လောက်ဟာ မြေနိမ့်ပိုင်းကစခန်းတွေမှာနေကြရလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဒုက္ခသည် ၇ သောင်းလောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပြီးပြီလို့ အစိုးရမီဒီယာတွေက ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကလည်း စစ်တွေမြို့အနီး မွတ်စလင်ဒုက္ခသည်စခန်းအားလုံးကို ကြာသပတေးနေ့ မနက်ပိုင်းက အားလုံးရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။