မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ နိုင်ငံကနေ ထွက်ခွာသွားတဲ့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာရင်းနှီးမြှုပ်နှံဖို့ စစ်တပ်ဖွဲ့စည်းထားတဲ့ စစ်တပ်ခန့်အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ သမ္မတရုံးပြောခွင့်ရသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဒီအကြောင်း ထည့်သွင်းပြောခဲ့တာပါ။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မတို့နိုင်ငံကနေ ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လာဖို့ စိတ်ဝင်စားလို့ မေးမြန်းနေတာတွေ၊ ရင်းနှီးမြှုပ်နှံချင်တဲ့အဖွဲ့တွေရှိတယ်ဆိုတဲ့ သတင်းကောင်းလည်း ကြားခဲ့ရပါတယ်။ B to B MOU ခုနစ်ခုလည်း ရေးထိုးနိုင်ခဲ့ပါတယ်” လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါပေမဲ့ ပြန်လာဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ဗီယက်နမ်ကုမ္ပဏီတွေရဲ့အမည်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏနဲ့ လုပ်ငန်းအမျိုးအစားတွေကိုတော့ သူက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
စက်တင်ဘာ ၆ ရက်နေ့က ဟနွိုင်းမြို့မှာကျင်းပတဲ့ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေ၊ သဘာဝသယံဇာတ၊ ရေချိုနဲ့ ရေငန်သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်လို့ ပြောပါတယ်။ ကျောက်ဖြူ၊ သီလဝါနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်သုံးခုအပြင် စက်မှုစီမံကိန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံ နိုင်တယ်လို့ ဆိုပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်ဟာ မြဝတီကနေ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ဆက်သွယ်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်နိုင်တယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာလည်း ဒေသတွင်း တောင်ပိုင်းစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက် နိုင်မယ့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံက စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းတွေ ပါဝင်တည်ထောင်ထားတဲ့ Mytel ကို နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေးရဲ့ စံနမူနာကောင်းတစ်ခုဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ရည်ညွှန်းခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ဆက်သွယ်ရေးဝန်ဆောင်မှု စတင်ခဲ့တဲ့ Mytel မှာ ဗီယက်နမ်စစ်တပ်ပိုင် Viettel Global က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ Star High က ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding Public က ပိုင်ဆိုင်ထားတာပါ။
ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အခြေအနေသိပ်မကွာခြားခဲ့ပေမယ့် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ လုပ်သားအင်အားပါဝင်မှုကို အခြေခံပြီး ဆယ်စုနှစ်နှစ်ခုအတွင်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာဖြစ်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါပေမဲ့ စစ်ရေးပဋိပက္ခ၊ လျှပ်စစ်မီးပြတ်တောက်မှု၊ နိုင်ငံခြားငွေရှားပါးမှုနဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာရှိပြီးသား စက်ရုံတွေနဲ့ ကုမ္ပဏီတွေတောင် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ ခက်ခဲနေတယ်လို့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၁၃ နှစ်ကျော် လည်ပတ်ခဲ့ပြီး နာမည်ကြီး H&M အမှတ်တံဆိပ်အတွက် အဝတ်အထည် ချုပ်လုပ်ပေးခဲ့တဲ့ Teng Hui Myanmar အထည်ချုပ်စက်ရုံတောင် အော်ဒါမရတော့လို့ ပိတ်သိမ်းရတဲ့ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူအသစ်တွေ ဝင်လာဖို့ မလွယ်ကူနိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက တစ်ဦးက RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ၁၃ နှစ်ကျော် လည်ပတ်ခဲ့တဲ့စက်ရုံ၊ H&M က အော်ဒါမှာယူနေတဲ့ Teng Hui Myanmar စက်ရုံတောင် ပိတ်နေရချိန်မှာ ဘယ်လိုစီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံချင်သူတွေက လာမှာလဲ။ ဒီလောက် ပြည်တွင်းမှာ စစ်တွေဖြစ်နေတာ၊ မီးကလည်း မမှန်လို့ စက်ရုံအသီးသီး ဒီငါးနှစ်အတွင်းမှာ ထွက်နေတာလေ။ စစ်တပ်ရဲ့ ဦးစားပေးမှုတွေရနေတဲ့ တရုတ်စက်ရုံတွေအောက်က အထည်ချုပ်စက်ရုံတွေတောင် အော်ဒါမရတော့လို့ ပိတ်သိမ်းနေကြတာ၊ ဘယ်နိုင်ငံက စီးပွားရေးသမားတွေက လာရဲတော့မှာလဲ”
တရုတ်နိုင်ငံက Wuhan Kings Rich Garment ကုမ္ပဏီလက်အောက်ခံ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံဟာလည်း အလုပ်သမားအခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် အော်ဒါရရှိမှုလျော့နည်းလာတာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာတွေလည်းရှိပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ နိုင်ငံခြားငွေရှားပါ းမှု၊ သွင်းကုန်ကန့်သတ်ချက်နဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် နိုင်ငံတကာကုမ္ပဏီတချို့ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြသလို စက်ရုံနဲ့လုပ်ငန်းတချို့လည်း လုပ်ငန်းလျှော့ချတာ၊ ရပ်ဆိုင်းတာနဲ့ ပိတ်သိမ်းတာတွေ ဆက်တိုက်ရှိလာခဲ့ပါတယ်။
