မောင်တောမြောက်ပိုင်းက နယ်ခြားစောင့်ရဲ ၃၀၀ ခန့် တပ်စခန်းစွန့်ခွာ
2024.04.14
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၇) လက်အောက်ခံ၊ နယ်မြေ (၅) ငါးခူရ နယ်ခြားစောင့်ရဲစခန်းက တပ်ဖွဲ့ဝင် အင်အားသုံးရာနီးပါးဟာ ဧပြီလ ၁၄ ရက်ဒီနေ့မနက်အစောပိုင်းမှာ တပ်စခန်းကိုစွန့်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်ရှင်းလင်းနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကြိမ်ချောင်းကျေးရွာအနီးမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၇) ကို (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်တစ်နေ့ ဒီနေ့မနက်အစောပိုင်း တစ်နာရီဝန်းကျင်မှာ ဆုတ်ခွာသွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ည တစ်နာရီဝန်းကျင်လောက်က ဆုတ်သွားတာ အခု (AA) က ဝင်ပြီးရှင်းလင်းရေးလုပ်နေတယ်။ ဆုတ်သွားကြတာက ရေတွင်းပြင်ကျေးရွာဘက်ကနေပြီးတော့ လှဖိုးခေါင်ဘက်ကို သွားကြတာ။ သူတို့ ကျီးကန်းပြင်မဟုတ်ရင် လှဖိုးခေါင်ကို ဝင်မယ်ထင်တယ်”
မောင်တောမြောက်ပိုင်းမှာကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ်ဗျူဟာကုန်းကိုလည်း ဧပြီလ ၁၃ ရက်မနေ့က သိမ်းပိုက်လိုက်ပြီလို့ (AA) ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကရော (AA) ဘက်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော အပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကတော့ လက်နက်မချတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို တစ်ခုမကျန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဧပြီလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။