မောင်တောနယ်က နယ်ခြားစောင့်ရဲ ကိုးဦး ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေး
2024.04.14
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဧပြီလ ၁၄ ရက် ဒီနေ့မနက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက် နေထိုင်သူတွေက ပြောပါတယ်။
သူတို့ဟာ ကြိမ်းချောင်းကျေးရွာအနီးမှာရှိတဲ့ အောင်စစ်ပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ (၇)ကို ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်တိုက်ခိုက်ချိန် ထွက်ပြေးသွားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကော့ဘဇားခရိုင် (Cox's Bazar)၊ တက္ကနာ (Teknaf) မြို့နယ်၊ ခြံချောင်းကျေးရွာ (Kharang Khali) ကို ရောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၁၀ နာရီနဲ့ ၁၁ နာရီပတ်ဝန်းကျင်မှာ ရောက်ကြတယ်။ သူတို့နာမည်တွေကိုတော့ မသိရသေးဘူး။ ကြိမ်ချောင်းကနေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတဲ့အထဲက လူတွေဖြစ်တယ်။ သူတို့က ခြံချောင်းနယ်မြေဘက်ကနေ ဝင်လာခဲ့တာ။ အခု သူတို့က အဲဒီမှာပဲရှိသေးတယ်”
တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတာ ခပ်စိပ်စိပ်ရှိလာနေပြီး နောက်ထပ်လည်းတိုးလာနိုင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
အဲဒီအထဲက ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်ပြေးလာကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၃၃၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်ထဲ ဝင်ရောက်ခိုလှုံလာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၇ ဦးကိုတော့ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ နှစ်နိုင်ငံချိတ်ဆက်ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။