ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်မှုထမ်းဖို့စာရင်းကောက်ယူမှုကို ကူညီပေးနေတဲ့ ခရိုင်လူ၀င်မှုကြီးကြပ်ရေး ဦးစီးမှူးကို ဧပြီလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ PDF Zoland အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၅၉ နှစ်အရွယ် ခရိုင်လ၀ကမှူး ဦးမိုးသူဖြစ်ပြီး နေအိမ်မှာပဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဦးမိုးသူဟာ တားမြစ်ထားတဲ့ကြားကနေ အတင်းအဓမ္မ စစ်မှုထမ်းစာရင်းကောက်ယူရေး ကူညီပေးနေတာကြောင့် အခုလိုဖမ်းဆီးခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"PDF Zoland က အစကတည်းက သတိပေးထားတာလေ၊ ပထမတစ်ခါ ငါးယောက် အဖမ်းခံထားရပေမယ့် လ၀ကဦးစီးမှူးက စာရင်းဆက်ကောက်ဖို့ လုပ်နေတာလေ။ ပြီးတော့ သူက အပြင်တောင် ရဲရဲထွက်ရဲတာ မဟုတ်ဘူး။ မနေ့ကတော့ သူရဲ့အိမ်ထဲမှာပဲ အဖမ်းခံရတာ"
ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာလည်း တီးတိန်မြို့ပေါ်မှာ ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရှိ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာလည်း တီးတိန်မြို့မှာ စစ်မှုထမ်းစာရင်းကောက်ယူတဲ့ အစိုးရ၀န်ထမ်းငါးဦးကို PDF Zoland အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။