ဧရာ၀တီတိုင်းမှာ စစ်မှုထမ်းဖို့အတွက် ဒုတိယအကြိမ် စာရင်းကောက်
2024.04.08

ဧရာ၀တီတိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို ဒုတိယအကြိမ် စစ်သင်တန်းခေါ်ယူနိုင်ဖို့ မတ်လ ၃၀ ရက်နေ့စလို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပုသိမ်၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ကျောင်းကုန်းနဲ့ လပွတ္တာမြို့နယ်တွေမှာ စစ်သင်တန်း အပတ်စဉ် (၂) အတွက် စာရင်းကောက်ယူနေတာလို့ ပုသိမ်နဲ့ လပွတ္တာမြို့က ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ခရိုင်အတွင်းမှာတော့ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကို ပုံစံအမျိုးမျိုး စာရင်းကောက်ယူမှုတွေ ရှိနေတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ပုသိမ်ခရိုင်က မြို့နယ်တွေမှာတော့ အပတ်စဥ် ၂ မှာ အနည်းဆုံး ခြောက်ယောက်ကနေပြီးတော့ တချို့အုပ်စု ရွာမကြီးတွေ၊ ရွာခွဲ လေးငါးဆယ်ရွာရှိတဲ့ ရွာတွေဆိုရင်တော့ ဆယ်ယောက်လောက်အထိ သူတို့ တောင်းထားတယ်။ တချို့ကလည်း အုပ်ချုပ်ရေးပိုင်းတွေက မဲနှိုက်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူပေါက်တယ်ဆိုတာကို ပြည်သူတွေကို အသိမပေးသေးဘူး။ အပတ်စဥ် ၁ မှာလို ထွက်ပြေးမှာစိုးလို့”
ပုသိမ်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်အပြင် မြို့မ( ၂)တိုက်နယ်၊ ရွာသစ်တိုက်နယ်၊ ကြက်ပေါင်တိုက်နယ်၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံမြို့တွေနဲ့ ကျေးရွာအုပ်စု ၈၀ ဝန်းကျင်မှာ ဒုတိယအကြိမ် စစ်သင်တန်းတက်ဖို့ စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။
တချို့ရွာတွေမှာတော့ စစ်မှုထမ်းကတ်တွေထုတ်ပေးထားပြီး စစ်မှုထမ်းမယ့်သူတွေကို အနားနီးမှ ဆင့်ခေါ်တာမျိုးတွေလုပ်ဖို့ စီစဥ်နေတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လပွတ္တာမြို့မှာတော့ ဧပြီလ ပထမပတ်ကစလို့ ဒုတိယအကြိမ် စစ်မှုထမ်းစာရင်းတွေ စတင်ကောက်ယူနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကတော့ ဧရာ၀တီတိုင်း မြို့နယ် ၂၆ မြို့နယ်က လူဦးရေတစ်ထောင်ကျော်ကို စစ်သင်တန်းတက်ဖို့ ပုသိမ်မြို့ပေါ်ကို ခေါ်ယူတာရှိခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။