ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၁၈၀ နီးပါး သေဆုံး

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ငါးလနီးပါးအတွင်း အရပ်သား ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်အထိ အရေအတွက်ဖြစ်ပြီး သေဆုံးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူ ၄၆၈ ဦးရှိခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်က သုံးသိန်းခွဲကျော် (၃၅၈,၂၀၀) အထိရှိလာပြီလို့လည်း HDCO က ပြောပါတယ်။

စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော်အထဲက ၃၀ ရာခိုင်နှုန်းလောက်ပဲ လူသားချင်းစာနာမှုအကူအညီတွေရပြီး ကျန်တဲ့စစ်ဘေးဒုက္ခသည်တွေက အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ရေလမ်းနဲ့ ကုန်းလမ်းတွေလည်း သွားလာခွင့်ပိတ်ထားပါတယ်။