အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ခေါင်းဆောင်ဟောင်းတချို့ကို တရုတ်သံအမတ်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါဝင် မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းတချို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ We Chat စာမျက်နှာကနေ ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနှစ်ကူး သင်္ကြန်အကြိုအဖြစ် အခုလို တွေ့ဆုံခဲ့တာဖြစ်ပြီး၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင် အပါအဝင် လူပုဂ္ဂိုလ်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ စားဝတ်နေရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေမှာ ကူညီပေးနိုင်ဖို့ တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေတဲ့အတွက် မြန်မာ-တရုတ်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေဖို့ ဆောင်ရွက်နေတယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံဘက်က မြန်မာပြည်တွင်းပြဿနာတွေကို ဖြေရှင်းဖို့ ဘက်ပေါင်းစုံကနေ လေ့လာတဲ့ သဘောမျိုးဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

“တရုတ်က မြန်မာ့နိုင်ငံရေး အခြေအနေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ပြောနေတာရှိတယ်။ အဲအတွက်သွားပြီး တီးခေါက်ကြည့်တာ ဖြစ်နိုင်တယ်။ သူတို့ပြောနေတာရှိတယ်လေ နိုင်ငံတစ်ခုရဲ့ ပြသနာကိုဖြေရှင်းဖို့ဆိုရင် အဲနိုင်ငံမှာရှိတဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ပါ တွေ့ဆုံပြီး ဆက်ဆံရေးကောင်းအောင် ကြိုးစားနေတယ်လို့ ပြောတာကိုး။ အဲဒီအဆက်ဖြစ်မယ်ထင်တယ်”

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပဋိပက္ခတွေ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ ပေါ်ပေါက်နေတာပါ။ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ တရုတ်နယ်စပ်မြို့တွေကို တိုင်းရင်းသားအဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဧပြီလ ၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးမှာတော့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး တည်ငြိမ်အေးချမ်းအောင် အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ဆောင်ရွက်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းရဲ့ ဧပြီလ ၁ ရက်နေ့ နေပြည်တော် ခရီးစဉ်မှာလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။