မြန်မာနိုင်ငံဒေသအနှံ့ စစ်အင်အားတွေ တိုးချဲ့နေပြီး အကြမ်းဖက်လုပ်ရပ်တွေ တိုးပြီး လုပ်ဆောင်နေတဲ့အပေါ်မှာ လူအခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ဇွန်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
Michelle Bachelet က မိမိရရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေအရ လွန်ခဲ့တဲ့ သုံးပတ်အတွင်းက ကယားပြည်နယ်မှာ လူတစ်သိန်းရှစ်ထောင်ကျော် အိုးအိမ်ပစ်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်တွေဟာ ဘုရားရှိခိုးကျောင်းတွေ အပါအဝင် အရပ်သားနေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို အကူအညီပေးပို့တာကိုလည်း ပိတ်ပင်တားဆီးနေတယ်လို့ပြောပါတယ်။
တကယ်တော့ တပ်မတော်ဟာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာအနေနဲ့လည်း စစ်ကောင်စီကို အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရပ်ဖို့ တညီတညွတ်တောင်းဆိုဖို့ လိုတယ်လို့ ပြောပါတယ်။ Michelle Bachelet က မြန်မာနိုင်ငံမှာ အာဏာသိမ်းတာ လေးလကျော် အချိန်လေးအတွင်း ဒီမိုကရေစီဆိတ်သုဥ်းသွားပြီး ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်လာနေတယ်လို့ ပြောပါတယ်။
တဆက်တည်း လူအခွင့်အရေးမဟာမင်းကြီးရုံးက ထုတ်ပြန်ချက်မှာ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက် အာဏာ သိမ်းယူလိုက်တဲ့နေ့က စပြီး စစ်ကောင်စီက ပစ်ခတ်လို့သေဆုံးရသူ ၈၆၀ကျော်၊ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြလို့ ဆန့်ကျင်သူတွေနဲ့ သတင်းထောက်တွေအပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထားတာ လူပေါင်း ၄၈၀၀ကျော် တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး လာမဲ့ ဇူလိုင်လမှာကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ မဟာမင်းကြီး Bachelet က တင်ပြ အစီရင်ခံဖို့ ရှိတယ်လို့လည်း မဟာမင်းကြီးရုံးက ပြောဆိုထားပါတယ်။