မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက် နေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။
ငါန်းဇွန် - မြို့သာ ကားလမ်းပေါ်က မင်းဂျိုရွာ အနောက်ဘက်က ရွာသစ်တောဘုန်းကြီးကျောင်းကို စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်ပြီး စစ်တပ်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီနေ့က (စက်တင်ဘာလ ၆ ရက်) ရွာသစ်တောကျောင်း ဘုန်းကြီးက မနက် ၁၁ နာရီထိုးလို့ နေ့ဆွမ်းစားနေချိန်ကို ဒရုန်းနဲ့ချတာ။ ဘုန်းကြီးက ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ သားကျင်ရွာကို ဖိုက်တာနဲ့ လာချတယ်။ ဘုန်းကြီးတစ်ပါး ခေါင်း ဒဏ်ရာရတယ်။ လူ ၃ ယောက်လည်း ဒဏ်ရာ ထပ်ရတယ်”
ငါန်းဇွန်မြို့နယ်ထဲကို စစ်တပ်က နေ့စဉ် လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ရွာပေါင်း ၁၃၅ ရွာက ဒေသခံတွေလည်း မကြာခဏ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့သာတောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့သလို စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ငါန်းဇွန်အရှေ့ဘက်ခြမ်းကို စစ်ကား ၁၅ စီး နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အဲဒီမြို့နယ်ရဲ့အနောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
