သံတွဲ၊ ဂွနဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းနဲ့ အနီးတစ်ဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေ။

ရခိုင်ပြည်နယ် သံတွဲ၊ ဂွနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သံတွဲမြို့ အမှတ် (၈) ရပ်ကွက်ကို မနက် ၁၀ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ် နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်ကနေ ၆၆ နှစ်ကြား အရပ်သား သုံးဦး ဒဏ်ရာရခဲ့သလို နေအိမ် ရှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လယ် သုံးနာရီခန့်မှာပဲ သံတွဲမြို့နယ် ကျောက်ကြီးနဲ့ စပါးကြီးရွာတွေ ထပ်မံ ဗုံးကြဲခံရတာကြောင့် နေအိမ် ရှစ်လုံး လုံးဝပျက်စီးခဲ့ပေမဲ့ လူ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကိုလည်း အဲဒီနေ့ မနက် ၉ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းနဲ့ အနီးတစ်ဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုတလော ဒီဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတာပါ။ စက်တင်ဘာ ၄ ရက် ညကလည်း ဂူဝဘုရားအနီးကို ဗုံးကြဲခဲ့လို့ ဘုရားထဲက ရှေးဟောင်းရဟန္တာငါးရာ ဆင်းတုတော်တွေ ပျက်စီးသွားတယ်။ စက်တင်ဘာ ၃ ရက်ကလည်း မြို့နယ် သုံးခုအစပ်က ရွာတွေကို လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်”

ဂူဝဘုရားဟာ ပုဏ္ဏားကျွန်းမြို့မြောက်ဘက် စစ်တွေ၊ ပုဏ္ဏားကျွန်းကားလမ်းဘေးမှာ တည်ရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပါတယ်။

သံတွဲ၊ ဂွနဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
သံတွဲ၊ ဂွနဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရားဝင်းအတွင်း ပျက်စီးနေသည်များကို တွေ့ရစဉ်။ (Citizen Photo)

စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ် သုံးခုအစပ်မှာရှိတဲ့ ကျေးရွာ ငါးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့နယ်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

သံတွဲနဲ့ ဂွကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကလည်း စက်တင်ဘာလ ၇ ရက်နေ့မှာ ကမ်းရိုးတန်းတစ်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေသုတေသနပြု စုဆောင်းနေတဲ့ Myanmar Witness အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၆ ခုနှစ် ဇူလိုင်လ တစ်လအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃၇ ကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၁၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ ၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူ ၃၂ ဦးလည်း သေဆုံးခဲ့တယ်လို့ Myanmar Witness က ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို အာဏာသိမ်းစစ်တပ်ကလည်း တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။