ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်နေပြီလို့ စစ်ကောင်စီပြော
2024.04.02

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမဦးဆုံးဖွင့်လှစ်မယ့် စစ်သင်တန်းကို အခု ဧပြီလအတွင်းဖွင့်လှစ်ဖို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတွင်း ဖွင့်လှစ်နိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အပြီးသတ်ရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ (မူကြမ်း) ကိုလည်း ရေးထုံးရေးနည်း စိစစ်ဖို့နဲ့ ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးဖို့ ဥပဒေရေးရာဝန်ကြီးဌာနကို ပို့ထားပြီလို့လည်း သူက ဆိုပါတယ်။
ဥပဒေရေးရာဝန်ကြီးဌာနက စိစစ်ပြီးရင်တော့ နည်းဥပဒေထုတ်ပြန်နိုင်ရေး ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ဥပဒေပါကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်၊ ဗဟိုအဖွဲ့အစီအစဉ်နဲ့ သတ်မှတ်ထားတဲ့ကင်းလွတ်ခွင့်၊ ပေါ့လျော့ခွင့် စတဲ့ကိစ္စတွေကိုတော့ တိုင်းနဲ့ ပြည်နယ်အဆင့်အထိ ဖြန့်ဝေပြီးသွားပြီလို့ ပြောပါတယ်။
စစ်မှုမထမ်းမနေရကိစ္စတွေကို စစ်ကောင်စီက အချိန်စောပြီးလုပ်လာတဲ့အပေါ် စိုးရိမ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုလို မြန်မြန်ဆန်ဆန်လုပ်လာတော့ အကုန်လုံးက စိုးရိမ်ကြတာပေါ့။ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေကလည်း ကြိုတင်ပြင်ဆင်ကြတယ်။ တချို့ကလည်း နိုင်ငံခြားကို မြန်မြန်ထွက်ဖို့ပေါ့နော်။ အရင်က ပထမဆုံးအသုတ်ကို မေလမှခေါ်မယ်ဆိုပြီး အခုက စောခေါ်မယ်ဖြစ်သွားပြန်ရော။ စောင့်ကြည့်ရမှာပေါ့”
စစ်မှုထမ်းဖို့အတွက် တစ်လမှာတစ်ကြိမ် သင်တန်းပေးမှာဖြစ်ပြီး သင်တန်းတစ်ကြိမ်မှာ လူငါးထောင်အထိ ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က ပြောထားတာပါ။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ မတ်လ ၂၉ ရက်နေ့ကစလို့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ယူခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ လူငယ်တွေကို အာဏာပိုင်တွေက စစ်မှုထမ်းခိုင်းရေးကိစ္စတွေ လုပ်ဆောင်လာတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ဆန္ဒပြလှုပ်ရှားမှုတွေ၊ ပစ်မှတ်ထားတိုက်ခိုက်မှုတွေအပါအဝင် နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြပါတယ်။