မင်းတပ်မှာ သုံးလကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးနဲ့ ဒေသခံကိုးဦး သေဆုံး

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ ၂၀၂၄၊ ဇန်န၀ါရီလကနေ ဧပြီလဆန်းပိုင်းအထိ သုံးလကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် CDF မင်းတပ် အဖွဲ့၀င်တစ်ဦးနဲ့ ဒေသခံကိုးဦး သေဆုံးခဲ့တယ်လို့ CDF မင်းတပ်က ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံ ၂၅ ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သုံးလကျော်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု (၁၈) ကြိမ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ မီးလောင်ဗုံးတွေနဲ့ပါ ပါဝင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"အရင်လတွေနဲ့ယှဉ်ရင် ဒီလထဲမှာကြဲတဲ့ ဗုံးတွေက ဖျက်အားပိုပြင်းတယ်။ ပေါင်တစ်ရာဗုံးတွေလည်း ပါတယ်။ မီးလောင်ဗုံးတွေလည်းပါတော့ တောမီးတွေရော၊ အိမ်တွေရော လောင်တယ်။ လူထိခိုက်နည်းတာကတော့ ကျွန်တော်တို့က လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ၀ပ်နေကြလို့ဖြစ်မယ်"

အဲဒီတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံ သုံးခုအပါအ၀င် စာသင်ကျောင်းနဲ့ လူနေအိမ်ငါးဆယ်ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံနှစ်ဦး ခြေထောက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရပြီး နောက်ထပ်ဒေသခံတစ်ဦးကတော့ ကျောဘက်မှာ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

CDF မင်းတပ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အရေအတွက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။