MNDAA က ဖမ်းဆီးခဲ့သူတစ်ဦးကို တစ်လကြာမှ အလောင်းပြန်တွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့နယ် ဟူမင်းရွာအနီး တပ်စွဲထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က မတ်လဆန်း ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ဒေသခံအမျိုးသားကို ဧပြီလ ၂ ရက် မနေ့ကမှ အလောင်းပြန်တွေ့ခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သေဆုံးသူဟာ ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဇော်ဆိုင်းဖြစ်ပြီး MNDAA က ဖမ်းဆီးပြီးနောက် ရိုက်နှက်စစ်ဆေးစဉ်မှာ လက်လွန်သေဆုံးခဲ့တာလို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူက စပါးမျိုးစေ့သွားယူပြီး သူ့ရွာကနေ ကွတ်ခိုင်ကို ပြန်လာတဲ့အချိန် သိန္နီမှာ MNDAA က စစ်ဆေးပြီး လက်လွန်သွားတာ။ သူက နားမကြားဘူး၊ မိသားစု ပြဿနာတွေကြောင့် စိတ်က သိပ်မမှန်ဘူး။ ပျောက်နေတာကြာပြီ။ အခုရက်ပိုင်းမှ အဲလိုသတင်းကြားလို့ အားလုံးက ဝိုင်းလိုက်ကြည့်ရာမှာ သူအသတ်ခံရတာကို သိရတာ”

သေဆုံးသူရဲ့ရုပ်အလောင်းကို ဧပြီလ ၂ ရက်နေ့မှာပဲ ပြန်လည်တူးဖော်ပြီး ခရစ်ယာန်ဘာသာရေးထုံးစံအရ ပြန်လည်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေကတော့ သူ့ကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ ဓားနဲ့ ပြန်လည်ခုခံလို့ သတ်ဖြတ်လိုက်တာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အထက်ကို တင်ပြပေးမယ်ဆိုပြီး အလောင်းရှိတဲ့နေရာတော့ လိုက်ပြတယ်။ အလောင်းကလည်း သူတို့တပ်ဖွဲ့ စခန်းချတဲ့ ဟူမင်းရွာနားမှာပဲတွေ့တာ။ ကျန်တာတော့ သူက ခုခံလို့ ဖြစ်တာဆိုပြီး တာဝန်မယူဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း သိန္နီမြို့နယ် မိုင်းလီရွာက အသက် ၆၀ အရွယ် ဦးစံဌေးကို MNDAA တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။