ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဧပြီ ၁၄ ရက်နေ့ ညက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူနှစ်ဦးက မိုးညှင်းမြို့နယ် မြိုင်ရွာက အသက် (၄၀) အရွယ် ဦးဇော်တူးနဲ့ ဦးညိုဝင်း ဆိုသူနှစ်ဦး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးညှင်းအနီးမှာရှိတဲ့ မြိုင်ရွာဆိုတဲ့နားမှာကျတာ။ ရွာထဲမှာကျတာတော့မဟုတ်ဘူး ရွာရဲ့ အရှေ့ဘက် လယ်ကွင်းဘက်မှာကျတာ။ သိတာကတော့ မနေ့ကမှ သိတာ မိသားစုဝင်တွေက အိမ်မလာလို့ဆိုပြီး သွားကြည့်မှ လက်နက်ကြီးထိပြီး သေနေတာ။ တစ်ယောက်က ခေါင်းပေါက်သွားတာ”
အဲဒီလက်နက်ကြီးတွေဟာ မိုးညှင်း GTI ကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီကပစ်တဲ့လက်နက်ကြီး ထန်းတပင်ရွာနဲ့ မြိုင် ကျေးရွာက ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာကွင်းထဲကိုကျပြီး မြိုင်ရွာက အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဧပြီ ၁၅ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အခုနှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ ၅၇ ဦးအထိ ရှိနေပါတယ်။