မူဆယ်မြို့ခံ ဆရာဝန်တစ်ဦး ဆေးကုသပေးနေချိန် ပြန်ပေးဆွဲခံရ

RFA Burmese
2024.04.09
မူဆယ်မြို့ခံ ဆရာဝန်တစ်ဦး ဆေးကုသပေးနေချိန် ပြန်ပေးဆွဲခံရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းနောင်ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးကို ဧပြီလ ၉ ရက်နေ့ ညနေပိုင်း အမည်မသိလူတစ်စုက ပြန်ပေးဆွဲ (ဖမ်းဆီး) သွားတယ်လို့ မူဆယ်မြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီဆရာဝန်ဟာ အသက် ၄၀ အရွယ် ဒေါက်တာ မိုးကျော်နိုင်ဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မသိ လူခြောက်ဦးခန့် ဆေးခန်းကိုရောက်လာပြီး ပြန်ပေးဆွဲသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဆေးခန်းကိုဝင်ပြီး သေနတ်ထောက်ပြီး ကားပေါ်ခေါ်သွားတယ်။ အဲဒီအချိန်က ဆေးခန်းမှာ လူနာ နှစ်ဦး၊ သုံးဦး ရှိသေးတယ်လေ။ အခုဘယ်ကိုခေါ်သွားသလဲဆိုတာ မသိရသလို၊ ဘာကြောင့်ခေါ်သွားတယ်ဆိုတာလဲ မသိရဘူး။ ဒေါက်တာ မိုးကျော်နိုင်က စိတ်ကောင်းရှိတဲ့ အေးဆေးသမားပါ။ ဘာအရှုပ်အရှင်းမှ မရှိဘူး"

ဒေါက်တာ မိုးကျော်နိုင်နဲ့ မိသားစုဝင်တွေလည်း အခုထိ အဆက်အသွယ်မရသေးသလို နီးစပ်ရာနေရာတွေကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ ပိုက်ဆံချမ်းသာသူတွေကို ပစ်မှတ်ထားပြန်ပေးဆွဲတာတွေ ဖြစ်နေတာကြောင့် ဒေါက်တာ မိုးကျော်နိုင် ပြန်ပေးဆွဲခံရမှုဟာလည်း ခြိမ်းခြောက်ငွေတောင်းခံဖို့ ဖြစ်နိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒေါက်တာ မိုးကျော်နိုင်ရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရှမ်းပြည်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မူဆယ်မြို့အတွင်းမှာ အရပ်သားတွေကို ပြန်ပေးဆွဲတာတွေအပြင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ မကြာခဏဖြစ်လာတာကြောင့် လုံခြုံမှုကင်းမဲ့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။