ထိုင်းနိုင်ငံမှာရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းဘာသာစကား၊ ထိုင်းစာပေ၊ ထိုင်းယဉ်ကျေးမှုနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို တတ်သိနားလည်စေဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝတ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကစပြီး သင်တန်းဖွင့်လှစ် သင်ကြားပေး သွားမယ်လို့ သိရပါတယ်။
ဒီသင်တန်းကို ချင်းမိုင် (ဇင်းမယ်) တက္ကသိုလ်က မြန်မာစင်တာ၊ အာဆီယံစင်တာနဲ့ ချင်းမိုင်မြို့မှာ ရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးတို့ ပူးပေါင်းဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး အခုလို မြန်မာနိုင်ငံသားတွေအတွက် ဖွင့်လှစ်သင်ကြားဖို့ ဖြစ်လာရတာနဲ့ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ် မြန်မာစင်တာက မြန်မာစာဌာနက ဆရာမ ယမင်းရွှေစင်ထိုက်က အခုလိုပြောပါတယ်။
"ဒီမှာရှိတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ထိုင်းဘာသာစကားနဲ့ ထိုင်းဥပဒေသင်ပေးဖို့အတွက်ကို ဘာဖြစ်လို့ တုန်းဆိုတော့ များသောအားဖြင့် စကားကပြောတတ်နေကြပြီး စာကျတော့ တချို့က တတ်တဲ့လူရှိတယ် မတတ် တဲ့လူတွေက အများကြီးရှိတယ်လေ၊ အခုဟာက အခြေခံတန်းဖွင့်ပေးမယ် တချို့ဆိုရင် ဥပဒေတွေ မသိတဲ့ အခါကြတော့ သူတို့အခက်အခဲတွေ အမျိုးမျိုးရှိကြတယ်လေ၊ ဗမာပြည်သားတွေ သူတို့ရဲ့ ဗီဇာလျှောက် ပုံလျှောက်နည်းတွေ မသိတာတို့၊ မတော်တဆမှု ဖြစ်တယ်ပေါ့နော် ထိခိုက်ဒဏ်ရာရလို့ ဆေးရုံသွားရင်လည်း ဘယ်လိုဆေးရုံ ဘယ်လိုဆက်သွယ်ရမှာတို့၊ စာမတတ်ရင် မျက်စိကန်းသလိုပဲလေ ကျမတို့က အဲ့ဒီဟာကို မဖြစ်စေချင်ဘူး၊ ဆိုတော့ ဒီဟာလေးတွေကို အခုလောလောဆယ် ဒါကတော့ အခြေခံအတန်းပေါ့နော်၊ နာရီ ၃ဝ ဒီတစ်တန်းပြီးသွားရင် နောက်တစ်တန်းက အဆင့်မြင့်တန်းပေါ့နော်၊ အထပ်ထပ်ပေါ့ အဆင့်မြင့်လာမယ် ထပ်ဖွင့်သွားဖို့လည်း ရှိတယ်ပေါ့"
ဒီသင်တန်းကို မပျက်ကွက်ပဲ မှန်မှန်သင်ကြားလေ့လာကြိုးစားသွားတဲ့ ကျောင်းသူ ကျောင်းသားတွေကိုတော့ လုပ်ငန်းခွင်ဝင်ခွင့်နဲ့ ပညာသင်ကြားနိုင်ရေးတွေမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ချင်းမိုင် တက္ကသိုလ်ကနေပြီး အသိအမှတ်ပြုတဲ့ အောင်လက်မှတ်တစ်ခု ထုတ်ပေးသွားမယ်လို့လည်းပြောပါတယ်။
အခုသင်ကြားပေးမယ့် ထိုင်းဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဥပဒေတွေကို လောလောဆယ် ချင်းမိုင်မြို့က ဝတ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၈ နာရီကနေပြီး ၁၁ နာရီအထိ ပထမအသုတ်အနေနဲ့ နာရီ ၃ဝ ကြာ သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။