မလေးရှားကို အလည်ဗီဇာနဲ့လာတဲ့ မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံရပြီး ပြန်ပို့ခံရ
2024.04.22

မလေးရှားနိုင်ငံကို အလည်ဗီဇာနဲ့လာတဲ့ မြန်မာနိုင်ငံသားတွေ မလေးရှားလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံနေရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီနေသူတစ်ဦးကတော့ ဗီဇာလုပ်ပေးတဲ့သူတွေ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ မလုပ်ပေးတာကြောင့် အခုလို အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဧပြီလ ၂၀ ရက်နေ့က မလေးရှားကို အလည်ဗီဇာနဲ့လာတဲ့ အစ်မဖြစ်သူဟာ လက်ရှိ မလေးရှားလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မြန်မာကိုပြန်ပို့ဖို့လုပ်နေတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့နဲ့ တစ်ခန်းတည်းမှာ မြန်မာနိုင်ငံအမျိုးသမီး ၂၆ ယောက်ရှိတယ်။ တခြားနိုင်ငံသူ လေးယောက်ရှိတယ်။ အမျိုးသမီးသပ်သပ်၊ အမျိုးသားသပ်သပ် ထားတာလို့ပြောတယ်။ အမျိုးသားတွေလည်း အဖမ်းခံရတာရှိတယ်။ ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူတို့အားလုံးကို လေဆိပ်က အခန်းတစ်ခုမှာပဲ ဖမ်းထားတယ်လို့ပြောတယ်။ ဘာဖြစ်လို့ဖမ်းလဲတော့ မသိဘူး။ သူ့ကို မနက်ဖြန်တော့ မြန်မာကိုပြန်ပို့မယ်လို့ ပြောတယ်။ ဒီနေ့မနက်လည်း အမျိုးသမီး လေးယောက်ကို မြန်မာကို ပြန်ပို့လိုက်တယ်တဲ့”
အဖမ်းခံရတဲ့နေ့ကတည်းက နိုင်ငံကူးလက်မှတ် (Passport) တွေပါ အကုန်သိမ်းထားပြီး မနက်ဖြန် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ သုံးရက်စာအတွက် ထမင်းစားသောက်စရိတ်ဆိုပြီး မလေးရှား ရင်းဂစ် ၃၂၀ (ကျပ်ငွေ သုံးသိန်းနီးပါး) ပေးရတယ်လို့လည်း မိသားစုဝင်က ပြောပါတယ်။
အဖမ်းခံရသူနဲ့ ပြန်အပို့ခံရသူ အရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မြန်မာလူငယ်တော်တော်များ မလေးရှား အပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်နေကြတာဖြစ်ပြီး တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့သူတွေလည်း များနေတယ်လို့ လူငယ်တွေနဲ့ ကူညီနေတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ မတ်လ ၅ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကနေ ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည် ၁၂,၀၀၀ ခန့် မလေးရှားမှာ ဖမ်းဆီးခံထားရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ ဆိုပါတယ်။
မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းတွေအရ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါးရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
လက်ရှိ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း သုံးသိန်းလောက်ရှိတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။